Skip to main content

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားတွင် သံဃာတော်များ ပင့်ဆောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် “လောဘအမှောင်” ဇာတ်ကြီးနှင့်ပတ်သက်သည့် သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၇

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ်လျက်ရှိသော ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားသို့ သံဃာတော်များ ပင့်ဆောင်ရေး၊ ကြိုဆိုနေရာ ချထားရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ အခမ်းအနား၊ ကျောက်စာရုံစေတီတော်များ ရွှေထီးတော်တင်လှူခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော်မဟာမင်္ဂလာအခမ်းအနားများသို့ ပင့်လျှောက်ထားသည့် ဆရာတော်ကြီးများအား အချိန်မီ ပင့်ဆောင်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းမှကြွရောက် တော်မူလာကြမည့် သံဃာတော်များအဆင်ပြေချောမွေ့စွာသီတင်းသုံးနေထိုင်နိုင်ရေးအတွက် ယာယီသီတင်းသုံးနေထိုင်မည့် သံဃာရာမကျောင်းဆောင်နှင့် စည်ပင်ဧည့်ရိပ်သာရှိ အိပ်ခန်း ဆောင်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများ၊ အနောက်တိုင်းဆေးနှင့် တိုင်းရင်းဆေးဝါးများထားရှိရေး၊ ဝေယျာဝစ္စကုသိုလ်ယူ ဆောင်ရွက်ကြမည့်သူများ ရွေးချယ်တာဝန်ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက အခမ်းအနားသို့ ကြွရောက်တော်မူလာကြမည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဆရာတော်ကြီးများအား လေကြောင်းခရီး၊ မော်တော်ယာဉ်တို့ဖြင့် ကြိုဆိုပင့်ဆောင်မည့် အစီအစဉ်များနှင့်သံဃာတော်များ ယာယီသီတင်းသုံးတော်မူမည့် သံဃာရာမကျောင်းဆောင်နှင့် စည်ပင်ဧည့်ရိပ်သာတို့တွင် ကြိုဆိုနေရာချထားနိုင်ရေးဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများကို အမှားအယွင်းမရှိ အဆင်ပြေ‌အောင်မြင်ချောမွေ့စေရေး အရာထမ်း/ အမှုထမ်းများအနေဖြင့် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ဆောင်ရွက်ပေးစေ လိုကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

မွန်းလွဲပိုင်းတွင် အနုပညာဦးစီးဌာန ထုတ်လုပ်ဌာနခွဲမှ အနုပညာရှင်များက “လောဘအမှောင်” ဇာတ်ကြီး ဝတ်စုံပြည့်လေ့ကျင့် ဖျော်ဖြေတင်ဆက် အစစ်ဆေးခံခဲ့မှုနှင့်ပတ်သက်သည့် သုံးသပ်ညှိနှိုင်းအစည်းအဝေးကို လောကနတ်ခန်းမ၌ ဆက်လက်ကျင်းပ သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနသည် ကဇာတ်များ၊ အငြိမ့်များ၊ ဆိုငိုပြောဇာတ်ကြီးများကို တီထွင် တင်ဆက်ကပြခဲ့ရာ ယခုဇာတ်တိုက်လေ့ကျင့်လျက်ရှိသော “လောဘအမှောင်”ဇာတ်ကြီးသည် တတိယမြောက်ဖြစ်ပါကြောင်း၊ ဇာတ်သဘင်၏ အသက်သွေးကြောဖြစ်သော အပြော Dialogue များကို ပိုမိုလေးနက်မှုရှိစေရန်အဓိကထား၍ လမ်းညွှန်ခဲ့ပါကြောင်း၊ မည်သည့်ကိစ္စမဆို အကောင်းဆုံးကြိုးပမ်းဆောင်ရွက်ထားသော်လည်း မိမိတို့မြင်သည့်အမြင်နှင့် ဘေးမှခြုံငုံသုံးသပ်ရှုမြင်ပုံသည် ခြားနားနိုင်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများမှ ဝေဖန်အကြံပြုချက်များအပေါ် မိမိတို့တာဝန်ယူလုပ်ဆောင်ရသည့် အပိုင်းများမှ ပြန်လည်ဆွေးနွေးတင်ပြကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က “လောဘအမှောင်” ဇာတ်ကြီးနှင့်ပတ်သက်၍ အကြံပြုချက်များအပေါ်မူတည်ပြီး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြား၍ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)