နေပြည်တော် ဇူလိုင် ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေသွေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုပညာသင်နှစ်တွင် KG+Grade 9 အထိ ပညာသင်ကြားနေသူ ကျောင်းသားကျောင်းသူပေါင်း ၇၂ သိန်းကျော်ရှိရာ ထိုကျောင်းသား ကျောင်းသူများအားလုံး ကျောင်းထွက်သူမရှိရေး၊ ကျောင်းနေမြဲရေးအတွက်အားလုံးက ဝိုင်းဝန်းလက်တွဲ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ KG+Grade 9 ပညာသင်ယူပြီး ပါကမိမိတို့ ဝါသနာပါရာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကြောင်းပညာရပ်များကို ဆက်လက်သင်ယူနိုင်ပါကြောင်း၊ ခရိုင်(၅၀)တွင် စက်မှု၊ စိုက်ပျိုးမွေးမြူရေး တွဲဖက် အထက်တန်းကျောင်းပေါင်း (၅၁)ကျောင်း ဖွင့်လှစ်ထားပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် အဆိုပါစက်မှု၊စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေခြင်းကို အလယ်တန်းကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် အသိပေး ပြောကြားစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် စာရင်းဇယား၊ အချက်အလက်များ ပြုစုပေးပို့ရာတွင် မှန်မှန်ကန်ကန်ဖြစ်စေရေး အထူးဂရုစိုက်ဆောင်ရွက်ကြ စေလိုကြောင်းနှင့် မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာကျောင်းအုပ်ကြီးများကို စီမံအုပ်ချုပ်မှုဆိုင်ရာ ဒီပလိုမာသင်တန်း ဖွင့်လှစ်ပို့ချပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်းရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများသို့သွားရောက်၍ ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသို့သွားရောက်၍ကျောင်း အဆောက်အဦသစ်တည်ဆောက်နေမှုနှင့် စာသင်ခန်းအတွင်း ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားတက္ကသိုလ်ရှိ တက္ကသိုလ်သုတေသနစင်တာသို့သွားရောက်၍ စက်ပစ္စည်းများကို သုတေသနလုပ်ငန်းများအတွက် အကျိုးရှိထိရောက်အောင် အသုံးပြုကြရန်၊ စက်ပစ္စည်းများကို စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်၊ တက္ကသိုလ်၏ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းလက်တွဲကြိုးစားဆောင်ကြရန်မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကိုကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)