Skip to main content

သောကြာနေ့ စကားဝိုင်း (Friday Talk ) အမှတ်စဉ် (၂၀) “ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းများနှင့် ကဏ္ဍများကို မှန်ကန်စွာ ဖြည့်သွင်းနိုင်ရေး လေ့လာဆန်းစစ်တင်ပြခြင်း ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၇

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၂၀) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်းအမှုထမ်းများ၊ တက်ရောက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့်တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့ဆွေးနွေးပြောကြားမည့် အကြောင်းအရာသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို ဆောင်ရွက်ရာတွင် အရေးပါသော စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး (Gross Domestic Product- GDP) တွက်ချက်ရာတွင် လိုအပ်သည့်ကိန်းဂဏန်းများ မှန်ကန်စေရေးကို အထောက်အကူ ပြုသဖြင့် ဝန်ထမ်းများအားလုံး သိရှိထားရန်လိုအပ်ပါကြောင်း၊ GDP တွက်ချက်ရာတွင် စားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှု၊ အစိုးရ၏အသုံးစရိတ်နှင့် အသားတင်ပို့ကုန်တန်ဖိုးများကို ထည့်သွင်းတွက်ချက်ရသဖြင့် ရင်းနှီးမြှုပ်နှံမှုစာရင်းအင်းများ မှန်ကန်စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို စနစ်တကျစာရင်းရေးသွင်းရေးသည် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံ၏ စာရင်းအင်းအချက်အလက်များမှန်ကန်၍ အရည်အသွေးပြည့်ဝမှုရှိရန် အမြဲဆောင်ရွက်ရန်လိုပါကြောင်း၊ တိုက်တွန်းပြောကြားပြီး ဆွေးနွေးမည့်ခေါင်းစဉ်၏ အခြေခံဖြစ်သည့် နိုင်ငံတစ်နိုင်ငံအတွက် စာရင်းအင်းအချက်အလက်များ၏အရေးပါပုံနှင့် စာရင်းအင်းများတိကျမှန်ကန်စွာ ဖြည့်သွင်းနိုင်ရေးအတွက်လိုအပ်သော အချက်အလက်များကို မိတ်ဆက်ဆွေးနွေးခဲ့သည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာက “ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းများနှင့်ကဏ္ဍများကို မှန်ကန်စွာဖြည့်သွင်းနိုင်ရေး လေ့လာဆန်းစစ်တင်ပြခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားပြီး ဒုတိယဝန်ကြီးနှင့်တက်ရောက်လာကြသူများက ဆွေးနွေးမှုခေါင်းစဉ်နှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းနှင့် ဖြည့်စွက်ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)