Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကာတာသံရုံး ယာယီတာဝန်ခံ၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီး၊ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးနှင့် ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးတို့အား သီးခြားစီလက်ခံတွေ့ဆုံ

ရန်ကုန် ဇူလိုင် ၆

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာတာသံရုံး ယာယီတာဝန်ခံ မစ္စတာ ရာရှစ် အက်ဘ်ဒူလာ အမ်.အေ.အယ်လ် - ကူဝါရီကို ယနေ့နံနက် ၉ နာရီတွင်လည်းကောင်း၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမားကို နံနက် ၁၀ နာရီ တွင်လည်းကောင်း၊ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်)လာ အယ်လ်စုဘိုင်ကို နံနက် ၁၁ နာရီတွင်လည်းကောင်း၊ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး မစ္စတာရာမနသန်ဘာလာ ခရှစ်နန်ကို မွန်းလွဲ ၁ နာရီတွင်လည်းကောင်း ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။

ကာတာသံရုံး ယာယီတာဝန်ခံနှင့်တွေ့ဆုံစဉ် မြန်မာ - ကာတာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီး သော ဆက်ဆံရေးတိုးတက် ခိုင်မာရေး၊ မြန်မာ့လယ်ယာနှင့် ရေထွက်ထုတ်ကုန်များ တင်ပို့သွားရေး၊ နှစ်နိုင်ငံအကြား စွမ်းအင်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး တိုးမြှင့်သွားရေးတို့ကို ရင်းနှီးစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ ထို့ပြင် မြန်မာ နှင့် ကာတာနိုင်ငံတို့အကြား လေကြောင်းလိုင်းများ ပြန်လည်ပျံသန်းပြေးဆွဲသွားရေးနှင့် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားနိုင်ရန်အတွက် နားလည်မှုစာချွန်လွှာများ၊ သဘောတူစာချုပ်များ ရေးထိုးသွားရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်မှု ချိတ်ဆက်ရေးနှင့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုတို့ အပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေး၊ ဆိုင်ကလုန်း မိုခါဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ တွင်အိန္ဒိယနိုင်ငံမှ ဆက်လက်အကူအညီပေးသွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဆော်ဒီ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးတက်ခိုင်မာရေး၊ မြန်မာနိုင်ငံမှ လယ်ယာနှင့်ရေထွက်ကုန်များကို ဆော်ဒီအာရေဗျနိုင်ငံသို့ တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရှာဖွေရေး၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး၊ အလုပ်သမား ရေးရာ၊ ယဉ်ကျေးမှု၊ ပညာရေး စသည့်ကဏ္ဍများ အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။

ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေး ကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် လက်အောက်ခံ အဖွဲ့အစည်းများက မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် အဆင်ပြေ ချောမွေ့ရေး၊ ထိရောက်မှုရှိစေရေးတို့အတွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စများကို ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။

သတင်းစဉ်