နေပြည်တော် ဇူလိုင် ၆
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံ၏ လက်ရှိ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်မြို့အခြေစိုက် သံတမန်များနှင့် ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်တို့အား ရှင်းလင်းပြောကြားမှုအစီအစဉ်ကို ယနေ့တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာခန်းမ၌ ပြုလုပ်သည်။
အဆိုပါ ရှင်းလင်းပြောကြားမှုအစီအစဉ်သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့ရှိ သံရုံးများမှ သံအမတ်ကြီးများ၊ အဆင့်မြင့်သံတမန်များနှင့် ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်တို့ ပါဝင်တက်ရောက်ကြသည်။
ရှင်းလင်းပြောကြား
ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာအစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးအပါအဝင် ဒီမိုကရေစီဖော်ဆောင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါ၊ ရွေးကောက်ပွဲမသမာမှုနှင့် ဆက်စပ်သည့် မတည်ငြိမ်မှုများ၊ ဆိုင်ကလုန်းမုန်တိုင်း မိုခါကဲ့သို့သော သဘာဝဘေးအန္တရာယ်နှင့် ပထဝီဝင်နိုင်ငံရေးအရ သက်ရောက်မှုများနှင့် သတင်းမီဒီယာစစ်ပွဲဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်နေရသော်လည်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခြင်း၊ ငြိမ်းချမ်း၍ အများပါဝင်နိုင်သော နိုင်ငံရေးလုပ်ငန်းစဉ်ဖော်ဆောင်ခြင်းတို့ဖြင့် ကြိုးပမ်းလျက်ရှိသည်ကို ရှင်းလင်းပြောကြားသည်။
ထို့ပြင် အာဆီယံတူညီဆန္ဒ (၅) ချက် ဖော်ဆောင်ရာတွင် အရေးကြီးဆုံးအချက်များဖြစ်သည့် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ အားလုံးပါဝင်သည့် ဆွေးနွေးပွဲများ ကျင်းပရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများပေးအပ်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
အကြိမ် ၅၀၀၀ ကျော် ကျင်းပ
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြိမ် ၅၀၀၀ ကျော် ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲမှု စတင်ခဲ့သည်မှာ ၃၃ နှစ်တိုင်ရှိပြီး အပြီးသတ်ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရအဆက်ဆက်မှ ကြိုးပမ်းအားထုတ်ခဲ့ကြောင်းတို့ကို အသေးစိတ်ရှင်းလင်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အရ စတင်တိုက်ခိုက်မှုမပြုခြင်း၊ ပြည်သူများအား အကာအကွယ်ပေးရန် ထိန်းထိန်းသိမ်းသိမ်းနှင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဂျီနီဗာကွန်ဗင်းရှင်းပါ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခဲ့သည်များကိုလည်း အသိပေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက PDF အကြမ်းဖက်များ၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅၉၃၈ (အရပ်သား ၄၈၇၈ ဦးနှင့် အစိုးရဝန်ထမ်း ၁၀၆၀) ကျော် ထိခိုက်သေဆုံးခဲ့ခြင်း၊ PDF များ၏ အဖျက်အမှောင့် လုပ်ငန်းများကျူးလွန်မှုများ၊ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်များအား အဟန့်အတားဖြစ်အောင် လုပ်ဆောင်နေမှုများ၊ ၎င်းတို့၏ဥပဒေပြင်ပလုပ်ရပ်များမှ ပြည်သူများအားကာကွယ်ရန် အစိုးရအနေဖြင့် PDF အကြမ်းဖက်သမားများကို တုံ့ပြန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်းများအကြား ငြိမ်းချမ်းရေးနှင့် သဟဇာတရှိစေရေး ကြိုးပမ်းဆောင်ရွက်မှုများ၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားချုပ်ဆိုထားသည့် သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှုအခြေအနေများနှင့် နိုင်ငံသားစိစစ်ပြီးသည့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဆောလျင်စွာစတင်နိုင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။
ထို့ပြင် မိုခါဆိုင်ကလုန်းဘေးဒဏ် ထိခိုက်ခံစားခဲ့ရသည့် ဒေသများနှင့် ပြည်သူများအား ကူညီကယ်ဆယ်မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ရှင်းလင်းပြောကြားသည်။
သိရှိလိုသည်များကို မေးမြန်း
ထို့နောက် အမေးအဖြေကဏ္ဍတွင် တက်ရောက်လာသည့် သံတမန်များက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်းပြောကြားမှုအပြီး တက်ရောက်သူများက ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ အချက်အလက်များကို ကြည့်ရှုကြကြောင်း သိရသည်။
သတင်းစဉ်