Skip to main content

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်း၊ ကာကွယ်စောင့်ရှောက်

နိုင်ငံသားတိုင်းသည် အမျိုးသားယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရာတွင် နိုင်ငံတော်အားကူညီရန် တာဝန်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ မိမိနိုင်ငံ၊ မိမိလူမျိုးတို့၏ အမှတ်အသားသရုပ်လက္ခဏာများနှင့် သမိုင်းဆိုင်ရာ အထိမ်းအမှတ်များပါဝင်ကာ အတိတ်ခေတ်များမှသည် မျက်မှောက်ကာလအထိ တည်ရှိနေသော ဒြပ်ရှိဒြပ်မဲ့အရာများပင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် မိမိတို့ကိုယ်ပိုင် ဒြပ်ရှိ ဒြပ်မဲ့ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ အသီးသီးပိုင်ဆိုင်ကြပြီး မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်မှုများ၊ သုတေသနပြု ရှာဖွေဖော်ထုတ်မှုများကို အလေးအနက်ဆောင်ရွက်လျက်ရှိကြသည်။ မိမိတို့ မြန်မာနိုင်ငံသည် ရှည်လျားသည့်သမိုင်း ကြောင်းနှင့်အတူ ဒြပ်ရှိ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များလည်း ကြွယ်ဝသည့်နိုင်ငံဖြစ်သည်။

ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များဆိုသည်မှာ ကိုင်တွယ်ထိတွေ့နိုင်သည့် ရုပ်ဝတ္ထုများဖြစ်ပြီး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များမှာမူ ဘာသာစကား၊ အစဉ်အလာပြောကြားသည့် စကားပုံ၊ စကားထာ၊ ပုံဝတ္ထုများ၊ အဆို အက ဂီတနှင့် ဖျော်ဖြေတင်ဆက်မှု အနုပညာများ၊ လူမှုရေး ဘာသာရေး ထုံးဓလေ့များ၊ ရိုးရာပွဲတော်၊ ရိုးရာအားကစား၊ ရိုးရာလက်မှုအတတ်ပညာများ၊ စကြဝဠာဆိုင်ရာ အသိပညာနှင့်ထုံးစံများ၊ ဆေးဝါးကုသမှု အတတ်ပညာများ စသည်တို့ပါဝင်သည်။ မိမိတို့နိုင်ငံတွင် အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီက မှတ်တမ်းတင်အတည်ပြုထားသည့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ပေါင်း ၂၂၈၉ ခုရှိသည်။ ယင်းတို့အနက်မှ “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ နှင့် “မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော် တို့ကို ကမ္ဘာ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယင်းသို့တင်သွင်းရာတွင် စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်သည့်အလျောက် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ရှင်သန်ခိုင်မာရေး၊ တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်ရေးတို့က အရေးပါလျက်ရှိသည်။

မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ဇူလိုင် ၆ ရက်ကကျင်းပရာတွင် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းကြသလို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ပိုမိုတိုးတက်မှတ်တမ်းတင်နိုင်ရေး၊ မိမိနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို အခြားနိုင်ငံများက ပုံတူကူးယူခံရမှုမှကာကွယ်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရန်လိုကြောင်း မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၊ တိုင်းရင်းသားလူမျိုးအသီးသီးတို့တွင် ပျံ့နှံ့တည်ရှိနေပြီး သုတေသနပြု ဖော်ထုတ်မှတ်တမ်းတင်ရန် ကျန်ရှိနေသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေရာတွင်လည်းကောင်း၊ မိမိတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရာတွင်လည်းကောင်း၊ ကိုယ့်ယဉ်ကျေးမှုကို အခြားနိုင်ငံများက ၎င်းတို့၏ ယဉ်ကျေးမှု အဖြစ် ပုံတူကူးမှုများကို ကာကွယ်ရာတွင်လည်းကောင်း ဒေသခံ တိုင်းရင်းသားပြည်သူများအပါအဝင် တစ်မျိုးသားလုံးက ပါဝင်ဆောင်ရွက်ကြရန်လိုသည်။

အထူးသဖြင့် မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်မှ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သို့ စာရင်းဝင်နိုင်ရန် ကြိုးပမ်းဆောင် ရွက်လျက်ရှိသည့် “မြန်မာ့သနပ်ခါးယဉ်ကျေးမှု နှင့် “မြန်မာ့ရိုးရာမဟာသင်္ကြန်ယဉ်ကျေးမှု တို့၏ ကောင်းမွန်သော ဝိသေသလက္ခဏာများနှင့် မြတ်နိုးဖွယ်ရာ အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရေး၊ လက်ဆင့်ကမ်းရှင်သန်နေသည့် ဂုဏ်ဒြပ်မြင့်မားသော ဒြပ်မဲ့ယဉ်ကျေးမှုများအဖြစ် ကမ္ဘာကလက်ခံလာရေးတို့တွင် မူလပိုင်ရှင်ဖြစ်သော မြန်မာ့လူ့ဘောင်အသိုက်အဝန်းနှင့် ပစ္စုပ္ပန်မျိုးဆက်တို့၏ တာဝန်ဖြစ်သည့်အလျောက် မိမိတို့၏ အမျိုးသားရေးတာဝန်များကို ကျေပွန်နိုင်ကြပါစေကြောင်း။ ။