နေပြည်တော် ဇူလိုင် ၆
(၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ ကြေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ထူးချွန်ဆုရရှိသော မသန်စွမ်းအားကစားသမားများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများ၊ ၎င်းတို့၏ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် နိုင်ငံအလိုက် အဆင့်(၆)ရရှိခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ထက်ထက်အေးက ရွှေတံဆိပ် (၂)ခုနှင့် ကြေးတံဆိပ် (၁)ခု၊ ဦးမျိုးမင်းဦး လူမှုဝန်ထမ်း-၄ နှင့် မောင်ဟန်ပိုင်စိုး ကျောင်းသားတို့က အဖွဲ့လိုက်ကြေးတံဆိပ် (၁) ခု၊ မောင်ကောင်းစံ ကျောင်းသားက ကြေးတံဆိပ် (၁)ခု၊ စုစုပေါင်းဆုတံဆိပ် (၅) ခု ဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ မသန်စွမ်းအားကစားသမားများအနေဖြင့်လည်း ရှေ့လာမည့်ပြိုင်ပွဲများတွင် ပိုမိုကြိုးစား အားထုတ်ကြစေလိုပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သူ (၁၃)ဦး အပါအဝင် စုစုပေါင်း (၃၃)ဦး၊ ယခုပညာသင်နှစ်အတွက် ဝန်ကြီးဌာနတစ်ခုလုံးရှိ ဝန်ထမ်းသားသမီး ကျောင်းသား / ကျောင်းသူများ မူလတန်းအဆင့်(၆၉၆)ဦး၊ အလယ်တန်းအဆင့် (၂၃၅)ဦး၊ အထက်တန်းအဆင့် (၁၆၅)ဦးနှင့် တက္ကသိုလ်အဆင့်(၃၈၄)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၁၄၈၀)ဦးအတွက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ထူးချွန်သည့် ကျောင်းသား/ကျောင်းသူများအဖြစ် ပိုမိုကြိုးစားအားထုတ်စေလိုပါကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့ရင်သွေးသားသမီးများကို ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာ ရှင်များဖြစ်လာစေရန် လက်ဦးဆရာပီသစွာဖြင့် ပြုမူ၊ ပြောဆို၊ နေထိုင်ပြုစုစောင့်ရှောက်ရင်း မိမိတို့ရင်သွေးများ၏ အနာဂတ်အတွက် ပညာရေးကို အားပေးချီးမြှောက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်က ဝန်ကြီးဌာနရှိ ထူးချွန်မသန်စွမ်းအားကစားသမားများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်အောင်မြင်သူ ဝန်ထမ်းသား/သမီးများနှင့် ယခုပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစု စုစုပေါင်း (၁,၅၁၇) ဦးအတွက် ချီးမြှင့်ငွေနှင့် ပညာသင်ထောက်ပံ့ ကြေးငွေ စုစုပေါင်း(၂၄,၂၃၅,၀၀၀ ကျပ်)ကို ထူးချွန်အားကစားသမားများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုသား/သမီးများထံ ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် တက်ရောက်လာသူများကိုယ်စား ထူးချွန်မသန်စွမ်းအားကစားသမား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထက်ထက်အေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်