Skip to main content

သဘာဝဓာတ်မြေဩဇာစက်ရုံများအတွက် လိုအပ်သည့်ကုန်ကြမ်းများရရှိရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇူလိုင် ၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် သဘာဝဓာတ်မြေဩဇာများ အသုံးပြုနိုင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများအပါအဝင် သဘာဝဓာတ်မြေဩဇာစက်ရုံများတည်ဆောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါစက်ရုံများအတွက် လိုအပ်သည့်ကုန်ကြမ်းများရရှိနိုင်ရေး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်း မြို့နယ်ရှိ ရွှေမြို့မွေးမြူရေးဇုန်နှင့် ကံကြီးမွေးမြူရေးဇုန်များသို့ သွားရောက်ကာ နို့စားနွား၊ အသားစားနွား၊ ကြက်၊ ဝက်၊ ဆိတ်မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးက ရုရှားဖက်ဒရေးရှင်းနိုင်ငံရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် မြန်မာနိုင်ငံပုဂ္ဂလိကလုပ်ငန်းရှင်များပူးပေါင်း၍ သဘာဝဓာတ်မြေဩဇာစက်ရုံများ တည်ဆောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါစက်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းဖြစ်သော တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများရရှိရေးအတွက် ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စက်ရုံတည်ဆောက်ပြီးပါက ယခုမွေးမြူရေးဇုန်များမှ ကုန်ကြမ်းများ ဝယ်ယူသွားမည်ဖြစ်သဖြင့် မွေးမြူရေးလုပ်ငန်းရှင်များအတွက် အကျိုးအမြတ်များရရှိလာနိုင်မည်ဖြစ်ပြီး စက်ရုံအတွက်ရော မွေးမြူရေးလုပ်ငန်းရှင်များပါ အကျိုးအမြတ်ရရှိနိုင်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာရှိ ကျောက်စိမ်းလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းပိုင် ဆီကြိတ်ခွဲစက်၏လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ အသင်းအမှုဆောင်များက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အရည်အသွေးပြည့်မီသော စားသုံးဆီများထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ရရှိရေး၊ လိုအပ်သည့်ကုန်ကြမ်းအား စဉ်ဆက်မပြတ်ရရှိရေးမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် လယ်သာနှင့်ကျောက်စရစ်ကုန်းကျေးရွာအနီးရှိ စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်း၏ သဘာဝမြေဩဇာစက်ရုံ လည်ပတ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက သဘာဝမြေဩဇာများကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအသုံးပြုရေးအတွက် သမဝါယမအသင်းများက ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်