Skip to main content

ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်မှုနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး” စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇူလိုင် ၅

လယ်ယာကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေးကွင်းဆက်တစ်လျှောက်ရှိ သက်ဆိုင်သူများအားလုံး ကြုံတွေ့နေကြရသည့် နည်းပညာလိုအပ်ချက်များနှင့်အခက်အခဲများကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတွင် လစဉ်ကျင်းပလျက်ရှိသည့် ဗုဒ္ဓဟူးနေ့စကားဝိုင်းကို ယနေ့တွင် (၂၃)ကြိမ်မြောက်အဖြစ်ကျင်းပပြီး “ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

(၂၃) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဘေးကင်းလုံခြုံမှုရှိသည့် စိုက်ပျိုးရေးထွက်ကုန်များကို ပြည်သူများအာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် မြေယာပြုပြင်သည်မှ ပျိုးထောင်စိုက်ပျိုးပြုစုခြင်းလုပ်ငန်းများ၊ ပြုပြင်ထုပ်ပိုးရောင်းချခြင်း လုပ်ငန်းများ စသည့်လုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက်တွင် လိုက်နာဆောင်ရွက်ရမည့်နည်း စနစ်များကို သက်ဆိုင်သူအားလုံးနှင့် စားသုံးသူလုပ်သားပြည်သူအားလုံး လိုက်နာဆောင်ရွက်နိုင်ရေးအတွက် နည်းပညာပေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို မီဒီယာအမျိုးမျိုးဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ယခုကဲ့သို့စကားဝိုင်း ဆွေးနွေးပွဲများတွင် ဆွေးနွေးဖော်ထုတ်ရရှိလာသည့် အချက်အလက်များကို စနစ်တကျစုစည်းပြီး လက်တွေ့လုပ်ငန်းခွင်များအတွက် အထောက်အပံ့ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ တာဝန်ရှိသူများက ရာသီအလိုက်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာများဆောင်ရွက်ထားရှိမှု၊ အစားအစာများထုတ်လုပ်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်ဆောင်ရွက်ခြင်း၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)စနစ်ဖြင့် တောင်သူများလိုက်နာကျင့်သုံးမှု၊ ဟင်းသီးဟင်းရွက်များစိုက်ပျိုးရာတွင် ဓာတုသွင်းအားစုများ စနစ်တကျသုံးစွဲနည်းစနစ်များကို တောင်သူများလိုက်နာကျင့်သုံးမှု၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန် ဈေးကွက်သို့မတင်ပို့မီသီးနှံများကို ဓာတုဓာတ်ကြွင်းပါဝင်မှု စစ်ဆေးခြင်းလုပ်ငန်းများ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် သီးနှံများစိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ်ရောက်ရှိသည်အထိ ကွင်းဆက်အဆင့်ဆင့် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုတင်ပြခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်မှူးနှင့်အဖွဲ့အား ဂုဏ်ပြုဆုပေးအပ်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်