Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဝန်ထမ်းများနှင့် မိသားစုများအား e-ID စနစ်လုပ်ငန်းအတွက် ကိုယ်ရေးအချက်အလက်များကောက်ယူနေမှု ကြည့်ရှုအားပေး

နေပြည်တော် ဇူလိုင် ၅

e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ဦးစီးမှူးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးစဉ် မြို့နယ်အတွင်း မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းဇယားအချက်အလက်နှင့် လက်ခံမှတ်တမ်းများ စုစည်းသိမ်းဆည်းထားရှိမှု၊ ရုံးခန်းမအတွင်း ဝန်ထမ်းများက မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းအချက်အလက်များကို ကွန်ပျူတာများဖြင့် ဖြည့်သွင်း၍ နေပြည်တော် (ရုံးချုပ်) ရှိ e-ID Sever မှ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်ပြင်ဆင်အတည်ပြုဆောင်ရွက်နေမှု၊ မှတ်တမ်းခန်းများအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းဆိုင်ရာမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုအခြေအနေများကို ကြည့်ရှု၍ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့်အတွက် စနစ်တကျထိန်းသိမ်းရန်နှင့် တိကျမှန်ကန်စွာ ဖြည့်သွင်းတိုက်ဆိုင်စိစစ် ဆောင်ရွက်သွားရန်မှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ချမ်းမြသာစည် မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၌ အဆိုပါဥပဒေချုပ်ရုံးဝန်ထမ်းများနှင့် မိသားစုများကို e-ID စနစ်လုပ်ငန်းအတွက် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝအချက်အလက်(Biometric) ကောက်ယူနေမှုကို သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။

ယခု ဆောင်ရွက်သည့် e-ID စနစ်လုပ်ငန်းတွင် ဂဏန်း(၁၀)လုံးပါ Unique ID ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ပြည်သူကိုထိရောက်သောဝန်ဆောင်မှုအဖြစ် National ID Smart Card ထုတ်ပေးခြင်းလုပ်ငန်းကို ဥပဒေနှင့်အညီထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်ရုံးဟောင်းအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမားရိုးကျလုပ်ငန်းများအပြင် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်(၃)ခုကို တစ်ပြိုင်နက်တည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းစဉ်များမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်းတစ်အိမ်တက် ဆင်းကောက်ယူခဲ့သည့် စာရင်းအချက်အလက်များကို e-ID Server အတွင်း ဖြည့်သွင်းတိုက်ဆိုင် စိစစ်ပြင်ဆင်အတည်ပြုခြင်းလုပ်ငန်း၊ e-ID စနစ် လုပ်ငန်း အကောင်အထည်ဖော်နိုင်ရေးအတွက် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းနှင့် ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင်ပါဝင် သည့် GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲခြင်းနှင့် သန်းခေါင်စာရင်းကောက်ကွက်ယူနစ် Census Units များ ဖွဲ့စည်းနိုင်ရန် Point ကောက်ယူခြင်းလုပ်ငန်းတို့ဖြစ်ကြောင်း။

ယင်းလုပ်ငန်းအားလုံးသည် ပြီးစီးရမည့်လုပ်ငန်းပမာဏနှင့် အချိန်ကာလကန့်သတ်ချက်များရှိသည့်အတွက် သတ်မှတ်ကာလအတွင်း လျာထားချက် ပြည့်မီပြီးစီးရေးအတွက် အလေးထားဆောင်ရွက်ကြရန်လိုအပ်သကဲ့သို့ တိကျမှန်ကန်သည့်အချက်အလက်များ ဖြစ်စေရေးအတွက် စနစ်တကျ အလေးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတိုင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ရသည့်အတွက် စနစ်တကျဆောင်ရွက်ကြရန်နှင့် အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်