နေပြည်တော် ဇူလိုင် ၅
လူမှုရေးဆိုင်ရာ အသိပညာမြင့်မားရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူမှုရေးကဏ္ဍသည် အလွန်အရေးကြီးသကဲ့သို့ နက်နဲခက်ခဲသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ လူမှုရေးကိစ္စများကို ဆောင်ရွက် နေသူများသည် လူမှုရေးဆိုင်ရာနည်းပညာရပ်များကို ကျွမ်းကျင်ရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေးရှိရန် လိုအပ်သည့်အပြင် လုပ်ဖော်ကိုင်ဖက်အချင်းချင်းအပေါ်တွင်လည်း မေတ္တာတရားအရင်းခံပြီး ဖေးမကူညီဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ရသည့်အတွက် လူမှုရေးနယ်ပယ်အတွင်း တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆို သည့်အခါတွင် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်နှင့် စည်းကမ်းတို့ကို သိရှိနားလည်ရန်လိုအပ်ကြောင်း၊ လူမှုရေးပညာရပ်၏ အဓိကအနှစ်သာရဖြစ်သည့် လူမှုဝန်ထမ်းသမားတစ်ဦးအနေဖြင့် မိမိကိုယ်တိုင်ခံယူချက်တို့ကို ပြောင်းလဲနိုင်မှသာ မိမိတို့ဝန်ဆောင်မှုပေးရသူ (Client)အတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ဆောင်မှုကောင်းတို့ကို ပံ့ပိုးပေးနိုင်မည် ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်မည့် ဝန်ထမ်းများအနေဖြင့် ယခုသင်တန်းမှ လေ့လာသိရှိရသည့် အသိပညာ၊ အတတ်ပညာများကို ပြည်သူလူထုအတွက် ဝန်ဆောင်မှုပေးနိုင်ရန်အပြင် ဝန်ထမ်းအချင်းချင်း ပိုမိုချစ်ခင်ရင်းနှီးစွာလက်တွဲ၍ အားလုံးအတွက် သာယာပျော်ရွှင်ဖွယ်ကောင်းသည့် လုပ်ငန်းခွင်ကိုဖန်တီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းပါကြောင်း ပြောကြားသည်။
လူမှုရေးဆိုင်ရာ အသိပညာမြင့်မားရေးသင်တန်းတွင် လူမှုရေးဆိုင်ရာတန်ဖိုးနှင့်စံနှုန်းများ၊ လူမှုရေးဆိုင်ရာကျင့်ဝတ်တရား၊ ကျား/မ တန်းတူညီမျှရေးဆိုင်ရာလူမှုရေးစံနှုန်းများ၊ လူ့တန်ဖိုး၊ ဝန်ထမ်းကျင့်ဝတ်နှင့် စည်းမျဉ်းများ၊ ထိရောက်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် သင်ခန်းစာတို့ကို ဘာသာရပ်ဆိုင်ရာပုဂ္ဂိုလ်များက ဇူလိုင် ၅ ရက်မှ ၆ ရက်အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်