ရန်ကုန် ဇူလိုင် ၅
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်ရှိ Center for Vocational Training (Myanmar) သို့ရောက်ရှိပြီး လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေသော မြန်မာလူငယ်များကို အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များ သင်ယူလေ့လာနိုင်ရန်နှင့် လူငယ်များလုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုစွမ်းရည်များ တိုးတက်စေရေးအပြင် အသိပညာအတတ်ပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွင့်လှစ်ပို့ချသော အသက်မွေးဝမ်းကျောင်းသင်တန်းများတွင် လက်တွေ့သင်ကြားမှုဆိုင်ရာ သရုပ်ပြခြင်းကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပြင်ဆင်ဆောင်ရွက်ထားရှိ
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက CVT Myanmar အနေဖြင့် လုပ်ငန်းခွင်တွင်အသုံးချနိုင်ရန် ဘာသာရပ်ဆိုင်ရာပညာရပ်များအပြင် လက်တွေ့ကျသော သက်မွေးပညာရပ်များကို ပေါင်းစပ်သင်ကြားပေးသည့် သင်တန်းများဖွင့်လှစ်ပို့ချပေးခြင်းဖြစ်၍ လုပ်သားထုအတွက်များစွာအကျိုးရှိ ကြောင်းနှင့် CVT Myanmar အနေဖြင့် နားလည်မှုစာချွန်လွှာသက်တမ်းမကုန်ဆုံးမီ နားလည်မှုစာချွန်လွှာပါ အချက်အလက်များအတိုင်း ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားသည်။
ရှင်းလင်းတင်ပြ
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)သို့ရောက်ရှိရာ သင်တန်းကျောင်းတာဝန်ခံက သင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် သင်တန်းဆောင်များ တည်ဆောက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကျွမ်းကျင်မှုသင်တန်းများကို ဒေသလိုအပ်ချက်နှင့်အညီ စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချနိုင်ရေး၊ သင်တန်းဆင်းများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် သင်တန်းများ၏ အရည်အသွေးအာမခံချက်ရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ပူးပေါင်းဖွင့်လှစ်သော လေအေးပေးစက် တပ်ဆင်/ပြုပြင်ခြင်းသင်တန်း အမှတ်စဉ် (၂/၂၀၂၃) ၌ တက်ရောက်နေသည့် သင်တန်းသား ၂၀ အား လက်တွေ့လေ့ကျင့်သင်ကြားနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ယခုကဲ့သို့ သင်ယူမှုအခွင့်အလမ်းများ ရရှိနေချိန်တွင် သင်တန်း သားများအနေဖြင့် အသက်မွေးဝမ်းကျောင်းအတတ်ပညာများကို စနစ်တကျကြိုးစားသင်ယူရန်၊ လုပ်ငန်းခွင်တွင်လည်းလုပ်ငန်းဆိုင်ရာ အသိပညာဗဟုသုတများကို ဆက်လက်လေ့လာသွားရန်နှင့် သင်တန်းသားများသင်တန်းပြီးဆုံးပါက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရရှိနိုင်ရေး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်မှုခံယူနိုင်သည့် အခွင့်အလမ်းများရှိသဖြင့် ဝင်ရောက်ဖြေဆိုရန် တိုက်တွန်းပြောကြားပြီး သင်တန်းကျောင်း ရုံးအဆောက်အဦနှင့် သင်တန်းခန်းမများကို အဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်နိုင်မည့်အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်