Skip to main content

ခံယူချက်မှန်ကန်စွာဖြင့် တာဝန်ထမ်းဆောင်မည့် အလုပ်သင် ဆရာဝန် ၆၀၀ ကျော်အား ကျန်းမာရေးဝန်ကြီးဌာနမှ ဂုဏ်ပြုကြိုဆို

နေပြည်တော် ဇူလိုင် ၃

သင်ကြားရေးဆေးရုံကြီးများ၌ ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ တစ်နှစ်တာ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ကြမည့်သူများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ် (၂) နှင့် မွန်းလွဲပိုင်းတွင် လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ်(၁)တို့၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားများသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်၍ အမှာစကားပြောကြားရာတွင် ခံယူချက် မှန်ကန်စွာဖြင့် ကြိုးစားခဲ့ပြီး အလုပ်သင်ဆရာဝန်အဖြစ်သို့ ရောက်ရှိလာသည့်အတွက် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိမည်ဖြစ်သည့်အတွက် နိုင်ငံတော်နှင့်ဝန်ကြီးဌာနအတွက် အလွန်မင်္ဂလာရှိသည့် နေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း၊ မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စစ်မှန်သော ခံယူချက်၊ ယုံကြည်ချက်၊ ခိုင်မာသော စိတ်ဓာတ်တို့ဖြင့် မဆုတ်မနစ်ကြိုးစားအားထုတ်မှုကြောင့် သာ ယခုကဲ့သို့ အလုပ်သင်ဆရာဝန်အဖြစ်သို့ရောက်ရှိ လာခြင်းဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အသိအမှတ်ပြုဝမ်းမြောက်ဂုဏ်ယူပါကြောင်း။

တာဝန်ကျရာဒေသရှိ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့အချိန်အထိ ဆေးပညာရှင် ဆရာဝန် ၄၇၃၃၇ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် ၅၄၃၇ ဦး၊ ဆေးဝါးပညာရှင် ၄၂၂၂ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာရှင် ၄၅၂၉ ဦး၊ သူနာပြုသိပ္ပံဘွဲ့ရ ၉၄၉၆ ဦးနှင့် အခြေခံကျန်းမာရေးပညာရှင် ၂၃၆၆ ဦးတို့ကို မွေးထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ ဘွဲ့လွန်သင်တန်းများကို ၁၉၆၄ ခုနှစ် မှစ၍ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်တွင် ဒီပလိုမာ၊ မဟာသိပ္ပံနှင့် ပါရဂူဘွဲ့လွန် သင်တန်းအမျိုးအစား ၁၄၀ ကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း။

အလုပ်သင်ဆရာဝန်ကာလ ပြီးဆုံးပါက လက်ထောက်ဆရာဝန်များအဖြစ် နိုင်ငံ့တာဝန်များကို ဆက်လက်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့တာဝန်ထမ်းဆောင်ကြသည့် လက်ထောက် ဆရာဝန်များအတွက် လုပ်သက်သတ်မှတ်ချက်မရှိဘဲ တက်ရောက်နိုင်သော ဘွဲ့လွန်သင်တန်း ၁၁ မျိုးကိုလည်း ဝင်ရောက်ဖြေဆိုခွင့်ရရှိမည်ဖြစ်သည့်အတွက် အလုပ်သင် ဆရာဝန်ကာလ တစ်လျှောက် အချိန်ကိုအကျိုးရှိအောင် ကြိုးစားသွားကြရန် တိုက်တွန်းပါကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးကို ယုံကြည်ချက်၊ ခံယူချက်ခိုင်ခိုင်မာမာဖြင့် ကျေးဇူးဆပ်နိုင်သော အဖိုးတန် နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်မောင်အေးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဆရာဝန်များလိုက်နာရမည့် ကျင့်ဝတ်များနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားသည်။

အခမ်းအနားများအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သင်ဆရာဝန်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး လန်းဆန်းစာ အတူတကွ သုံးဆောင်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးသို့ သွားရောက်ကာ အသစ်ဖွင့်လှစ်မည့် ခွဲစိတ်ခန်းများ ပြင်ဆင်ထားရှိမှု၊ အထူးကြပ်မတ် ကုသဆောင်များ၊ ကျောက်ကပ် သွေးသန့်စင်ခန်းများတွင် လူနာများ စိတ်အေးချမ်းသာစွာကုသမှု ခံယူနိုင်ရန် ပြင်ဆင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

အလားတူ ဆေးတက္ကသိုလ် - မန္တလေး အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆာင်ကြမည့်သူ များအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်ရှိ ဆေးတက္ကသိုလ် - မန္တလေး ဇီဝက(မန်းရတနာပုံ)ခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့အတူ ဆေးတက္ကသိုလ် - မကွေး အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ကြမည့်သူများ အား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆေးတက္ကသိုလ် - မကွေး ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်း တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များမှ အလုပ်သင်ဆရာဝန် စုစုပေါင်း ၆၀၄ ဦးသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ မှစတင်၍ သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်တိတိ တာဝန်ထမ်း ဆောင်ကြမည်ဖြစ်ပြီး သင်တန်းကာလပြီးမြောက်ပါက လက်ထောက်ဆရာဝန်များအဖြစ် နိုင်ငံ့တာဝန်ကို ဆက်လက်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်