Skip to main content

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့သည့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား သမီး၊ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော် ဇူလိုင် ၃

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့သည့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား သမီး၊ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် တည်ဆောက်ရေးတွင် မျိုးဆက်သစ်လူငယ်များ အပါအဝင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသော လိုအပ်ချက်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ယခုထက် အရည်အသွေး ပိုမိုတိုးတက်ရေး၊ မိမိ၏ ကိုယ်ရည်ကိုယ်သွေးနှင့် တတ်စွမ်းသည့် ပညာရပ်များကို ကောင်းမွန်မြင့်မြတ်သည့်နေရာများတွင် အသုံးချနိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးစားနေကြရန် လိုအပ်ကြောင်း၊ ယနေ့ခေတ်သည် Information Technology ခေတ်၊ နည်းပညာ အစဉ်တိုးတက်နေသည့်ခေတ်ဖြစ်သည်နှင့်အညီ နည်းပညာအသစ်များကို လေ့လာလိုက်စားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတကာတွင် ကျယ်ပြန့်စွာ ဝင်ဆံ့နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာရည် ပြည့်ဝရုံသာမက သန့်ရှင်းဖြူစင်သည့် ကိုယ်ကျင့်တရားများဖြင့် နေထိုင်သွားကြစေလိုကြောင်း ပြောကြားသည်။

ပေးအပ်ချီးမြှင့်

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ခြောက်ဘာသာ ဂုဏ်ထူးရှင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ငါးဘာသာဂုဏ်ထူးရှင်များကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များက လေးဘာသာ၊ သုံးဘာသာ၊ နှစ်ဘာသာ၊ တစ်ဘာသာ ဂုဏ်ထူးရှင်များနှင့် ရိုးရိုးအောင်မြင် သူများကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်း ငွေကျပ် ၂၆ ဒသမ ၃၄၈ သန်းနှင့် ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများ၏ သားသမီးများမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၃ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၆ ဦး၊ လေးဘာသာဂုဏ်ထူး ရှင် ၉ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၀ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၇ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၄၆ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၁၀၁ ဦး စုစုပေါင်း ၁၈၂ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်