နေပြည်တော် ဇူလိုင် ၃
China-ASEAN Forum on Emerging Industry သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ် ရှန်းကျန်းမြို့တွင် ရောက်ရှိနေသည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက BYD အမျိုးအစား လျှပ်စစ်အသုံးပြု မော်တော်ယာဉ်များ (EV) ထုတ်လုပ်လျက်ရှိသည့် စက်ရုံသို့ သွားရောက်လေ့လာကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား အာရှပစိဖိတ်အရောင်းဌာန မန်နေဂျာ Ms. Gillian Li BIN မှ BYD မော်တော်ယာဉ်များ စတင်ထုတ်လုပ်ခဲ့သည့် အခြေအနေ၊ လက်ရှိ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု၊ ဈေးကွက်ရရှိမှုနှင့် လျှပ်စစ်အသုံးပြုမော်တော်ယာဉ် (EV) များ ထုတ်လုပ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး BYD အမျိုးအစား မော်တော်ယာဉ်များ ထုတ်လုပ်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှု လေ့လာသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့်အတူ နေရောင်ခြည်စွမ်းအင် သုံးပစ္စည်းများ ထုတ်လုပ်လျက်ရှိသည့် K Star စက်ရုံသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက စက်ရုံဆိုင်ရာ အချက်အလက်များ၊ နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းများ ထုတ်လုပ်နေမှုနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းများ ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
သတင်းစဉ်