Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံကိုယ်စားလှယ်နှင့် LLC Souznedra ၏ဥက္ကဋ္ဌ Mr. Artemiy Alimov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။

သဘာဝမြေဩဇာစက်ရုံများ တည်ဆောက်မည်

တွေ့ဆုံစဉ် Mobile သဘာဝဓာတ်မြေဩဇာထုတ်စက်ရုံ အသေးစား (၃) ခု တည်ဆောက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်း သဘာဝမြေဩဇာစက်ရုံများ တည်ဆောက်ရေး ဆောင်ရွက်မည့်နည်းလမ်းများ၊ နည်းပညာများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီ နယ်မြေတပ်ကုန်းမြို့နယ် သမဝါယမအသင်းစုရုံးနှင့် ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုရုံးများသို့ရောက်ရှိပြီး အသင်းအမှုဆောင်များ၊ အသင်းသူ အသင်းသားများနှင့် တွေ့ဆုံသည်။

ကြည့်ရှုအားပေး

တွေ့ဆုံစဉ် အသင်းအမှုဆောင်များက စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆန်စပါးရောင်းဝယ်နေမှုနှင့် စိုက်ပျိုးရေးပစ္စည်းများ ရောင်းဝယ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်း အမှုဆောင်များအနေဖြင့် အသင်း၏ လုပ်ငန်းများအောင်မြင်ရေး၊ အသင်းသူ အသင်းသားများ၏ အကျိုးအမြတ်ရရှိရေးနှင့် သက်သာချောင်ချိရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိုးစပါးစိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်းတိုးရေး၊ မျိုးကောင်းမျိုးသန့် အသုံးပြုရေး၊ စိုက်နည်းစနစ် မှန်ကန်မှုရှိစေရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျအသုံးပြုရေးတို့ကို ဂရုတစိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသင်းသားတောင်သူများ ဝင်ငွေတိုးပွားရေးအတွက် လုပ်ငန်းအခက်အခဲများကို မိမိတို့ဝန်ကြီးဌာနက ကူညီပံ့ပိုးဖြေရှင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး အသင်းသားတောင်သူများ၏ စပါးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်