စစ်တွေ ဇူလိုင် ၃
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေကန်တော်ကြီးရေလှောင်ကန်၌ကျင်းပသည့် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်ပင်စိုက်ပျိုး ခြင်းသည် အရေးကြီးသည့် ပြန်လည်တည်ထောင် ရေးလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် သစ်တောသစ်ပင်များနေရာတွင် အစားထိုးစိုက်ပျိုးပြုစုထိန်းသိမ်းနိုင်စေရန်၊ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရန်၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်နှင့် သစ်ပင်စိုက်ပျိုးပွဲတော်များတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ ယခုကဲ့သို့သော သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် ဒေသနှင့်ကိုက်ညီသည့် သစ်မျိုး အပင် ၄၂၀၀ ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း။
တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၁၉ သန်း စိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့အထိ သစ်ပင်ပေါင်း ၂၀ ဒသမ ၅၂ သန်းကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ထို့ပြင် ကျေးလက်နေ ပြည်သူများ၏ လောင်စာလိုအပ်ချက်ဖြည့်ဆည်းနိုင်ရေးအတွက် ယခုနှစ်မိုးရာသီတွင် ကျေးရွာထင်းစိုက်ခင်း တစ်ရွာနှစ်ဧကအပါအဝင် ၄၂၈၇ ဧက တည်ထောင်ရန်လျာထားပြီး စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း။
ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများဖြေရှင်းရန် နည်းလမ်းအမျိုးမျိုးရှိသည့်အနက် သစ်ပင်များစိုက်ပျိုးခြင်းနှင့် သစ်တောများထိန်းသိမ်းခြင်းသည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး၊ အထိရောက်ဆုံး၊ ကုန်ကျစရိတ် အသက်သာဆုံး၊ သဘာဝနှင့်လိုက်လျောညီထွေ အဖြစ်ဆုံးဖြစ်သည့်အတွက် တစ်ဦးတစ်ယောက်ချင်းမှစ၍ ရပ်ကွက်နှင့်ကျေးရွာ၊ မြို့နယ်အဖွဲ့အစည်းများအလိုက် တစ်ပင်စိုက် တစ်ပင်ရှင်သန်အောင်မြင်အောင် စိုက်ပျိုးပြုစုသွားကြစေလိုကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်ဆားလုပ်ငန်းဌာနခွဲ ဆားလုပ်ငန်း ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဆားလုပ်ငန်းရုံး၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်နယ်ဆားလုပ်ငန်း ဦးစီးဌာနမှူးက ပုဂ္ဂလိကကဏ္ဍများမှ ဆားကြမ်းထုတ်လုပ်နေမှုနှင့် အိုင်အိုဒင်းဆားချောထုတ်လုပ်နေမှုများ၊ ရုံးအဆောက်အဦများ ပြန်လည်ထူထောင် ပြီးစီးမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဦးထွန်းအုံက ဖြည့်စွက်ရှင်းလင်းသည်။
ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဆားထုတ်လုပ်ငန်း နည်းပညာမြှင့်တင်၍ ဆားအထွက်တိုးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်၊ ဆားအရည်အသွေး မြှင့်တင်ရေးအတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားရန်၊ အရည်အသွေးမြင့် ဆားများပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံအောင် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လောကာနန္ဒာ ဘုရားဝင်းအတွင်း သစ်ပင်များ စိုက်ပျိုးမည့် မြေနေရာများကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲဝင်းအတွင်း၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အားကြိုးမာန်တက် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် မြန်မာ့သစ်လုပ်ငန်း ဝန်ထမ်းများနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရောက်ရှိပြီး ဖော်ကျွန်းသင်္ဘောပေါ်မှ သစ်မျိုးစုံပျိုးပင်များနှင့် သစ်ခွဲသားများကို မော်တော်ယာဉ်များပေါ်သို့ ရွှေ့ပြောင်းသယ်ဆောင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ စစ်တွေမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နေကြသည့် သစ်တောဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ပြည်ထေင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့ ရှုခင်းသာကမ်းခြေ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် ဒီရေတောပင်များစိုက်ပျိုးပွဲသို့ တက်ရောက်ပြီး ဒီရေတောပင်ဖြစ်သည့် ဗြူးခြေထောက်ပင်နှင့် သမဲ့ပင်ကို စိုက်ပျိုးပေးကာ ဒီရေတောပင် ၁၅၀၀ စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။
သစ်တောဦးစီးဌာနအနေဖြင့် ရှုခင်းသာကမ်းခြေလမ်းတစ်လျှောက် ဒီရေတောအပင် ၃၅၀၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်