နေပြည်တော် ဇူလိုင် ၁
(၇၁) နှစ်မြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဇော်မြင့်နိုင်နှင့် ဒေါက်တာလင်းအောင်၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန် ဦးအောင်အောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက် ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များက တပ်ကုန်းမြို့ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်များရွတ်ဖတ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဆရာတော်သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အနုမောဒနာ တရားနာယူ ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (၇၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကိုဆက်လက်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဗဟိုဘဏ် စတင်တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း (၇၁)နှစ်တိုင် ရှိခဲ့ပြီဖြစ်ကြောင်း၊ ဗဟိုဘဏ်၏ ရည်မှန်း ချက်များကို အကောင်အထည်ဖော်ရာတွင် အများပြည်သူ၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ အကျိုးရှိရှိအောင်မြင်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မှန်ကန်သောမူဝါဒများချမှတ်နိုင်ရန် လုပ်ငန်းကော်မတီ အသီးသီးဖွဲ့စည်း၍ တိုးတက်လာသော Digital Platform များ၊ စီးပွားရေးမူဘောင်များနှင့်အညီ အချိန်နှင့်တပြေးညီ မြန်ဆန်စွာပံ့ပိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဗဟိုဘဏ်အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့ထမ်းဆောင်ကြရသောတာဝန်အလိုက် နိုင်ငံတကာအဆင့်မီ သက်ဆိုင်ရာပညာရပ်များကို Professional Level တတ်ကျွမ်းကြရန်လိုအပ်ကြောင်း၊ မိမိတို့၏ Specialize ပညာရပ်များကို ပိုမိုတိုးတက်လာအောင် မျက်ခြေမပြတ်နည်းလမ်းမျိုးစုံဖြင့် အမြဲလေ့လာဆည်းပူးနေကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအားလုံးကျရာတာဝန်ကို ကျေပွန်အောင် ကြိုးပမ်းကြရမည်ဖြစ်ပြီး ချစ်ခင်ညီညွတ်စွာဖြင့်စည်းစည်းလုံးလုံး ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ (၇၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သော ဗဟိုဘဏ်အကြီးအကဲများ၊ အငြိမ်းစားအရာထမ်းကြီးများ ကိုယ်စား မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌအငြိမ်းစားများ ဖြစ်ကြသည့် ဦးကြည်အေးနှင့် ဦးသန်းညိန်းတို့က ဩဝါဒအမှာစကားပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက (၇၁) နှစ်မြောက်နှစ်ပတ်လည်နေ့အမှတ်တရ ဝန်ထမ်းများနှင့်မိသားစုဝင်များအတွက် ထောက်ပံ့ငွေများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဝန်ထမ်းသားသမီးများ၏ ပညာသင်ထောက်ပံ့ကြေးငွေများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဝန်ထမ်းဟောင်းများအသင်းသို့ ထောက်ပံ့သည့် လှူဒါန်းငွေများကို တာဝန်ရှိသူများထံပေးအပ်ပြီး သုတေသနစာတမ်းဖတ်ပွဲတွင် အကောင်းဆုံးစာတမ်း ထူးချွန်ဆုရရှိသူ၊ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် (၃) ဘာသာ ဂုဏ်ထူးရရှိခဲ့သူ၊ Myanmar Pay Logo Award ဆု ရရှိသူတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အလယ်အလတ်အဆင့် အရာထမ်းသင်တန်းတွင် သင်တန်းသားစံပြဆုရရှိသူ၊ ဒုတိယဆုရရှိခဲ့သူ၊ Incident Handling Intrusion Detection သင်တန်းတွင် ဒုတိယဆုရရှိသူ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် သင်တန်းများတွင်ထူးချွန်ဆု ရရှိခဲ့သူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ဝန်ထမ်းများအားကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)