Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

နေပြည်တော် ဇူလိုင် ၁

သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြန်မာ့သစ် လုပ်ငန်းရုံးချုပ်ရှိ တော်ဝင်ခန်းမ၌ကျင်းပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ သစ်တောသယံဇာတများအား ရေရှည်တည်တံ့စေသည့် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ်ဖြင့် စီမံဆောင်ရွက်လျက်ရှိပြီး သယံဇာတ ထုတ်ယူသုံးစွဲခြင်းအား သစ်တောကာကွယ်ထိန်းသိမ်းခြင်းကိုဦးစားပေး၍ အကန့်အသတ်ဖြင့် အနည်းဆုံးလိုအပ်ချက်ကိုသာ ထုတ်ယူလျက်ရှိကြောင်း၊ ထွက်ရှိလာသောသစ်များကိုလည်း တန်ဖိုးမြှင့်သစ်အချောထည်များထုတ်လုပ်ပြီး ပြည်တွင်း/ပြည်ပဝင်ငွေများရှာဖွေရေး၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အရေးများ ဖန်တီးပေးရေးတွင် သစ်အခြေခံစက်မှုလုပ်ငန်းများ၏ အခန်းကဏ္ဍမှာအရေးကြီးကြောင်း၊ ဇန်နဝါရီ (၁) ရက်မှစ၍ အခြေခံအဆင့်ခွဲသားများအား ပြည်ပတင်ပို့မှုရပ်ဆိုင်းခဲ့ပြီး တစ်ဝက်တစ်ပျက်အချောထည်နှင့် အချောထည်များကိုသာတင်ပို့ ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်လုပ်သည့်သစ်အချောထည်များ ပြည်တွင်း/ပြည်ပစျေးကွက်ရရှိရေး၊ လုပ်ငန်းများပိုမိုအဆင်ပြေချောမွေ့စေရေးနှင့် စနစ်တကျဖြစ်စေရေးအတွက် ရေတိုရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို မဟာဗျူဟာမြောက်ချမှတ်အကောင်အထည်ဖော်ရေး အထူးကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သစ်အ‌ခြခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပုဂ္ဂလိကအခန်းကဏ္ဍမှာ အရေးကြီးသည့်အတွက် ဌာနနှင့်လုပ်ငန်းရှင်များ ညှိနှိုင်းပေါင်းစပ်၍ Teamwork ဖြင့် ဆောင်ရွက်သွားရန်နှင့် နည်းပညာ/လူ့စွမ်းအားအရင်းအမြစ်တိုးတက်စေရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များက လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများ၊ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများလေ့လာ သုံးသပ်ရေးနှင့် ပြင်ဆင်ရေးဆိုင်ရာကိစ္စများ၊ ထုတ်လုပ်မှု၊ စျေးကွက်နှင့်နည်းပညာဆိုင်ရာကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်အခွန်အခဆိုင်ရာကိစ္စများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ကဏ္ဍအလိုက်အသေးစိတ်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ဝန်ကြီးကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)