Skip to main content

ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ ပြည်တွင်းစားသုံးဆီဈေးနှုန်း ကျဆင်းရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

ရန်ကုန် ဇူလိုင် ၁

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ စားသုံးဆီတင်သွင်းဖြန့်ဖြူးနေသည့် ကုမ္ပဏီများမှတာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌တွေ့ဆုံပြီး စားသုံးဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဈေးကွက်ဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းစဉ်များ စနစ်တကျရှိစေရေးနှင့် ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေး အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်လမ်းညွှန်ခဲ့သည့် လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားပြီး စားသုံးဆီများ ပြည်ပမှတင်သွင်းရာတွင် စနစ်တကျရှိစေရေးနှင့် ဈေးကွက်သို့ဖြန့်ဖြူးရောင်းချရာတွင်လည်း သင့်တင့်မျှတသည့် ဈေးနှုန်းဖြစ်ရေးအတွက် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် ချမှတ်ထားသည့်စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက စားသုံးဆီတင်သွင်းရောက်ရှိမည့် အခြေအနေများ၊ ဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းအတိုင်းဈေးကွက်သို့ ဖြန့်ဖြူးရောင်းချရေး စီမံဆောင်ရွက်သွားမည့်အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)