Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် မန္တလေးတိုင်းဒေသကြီး မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာ ဖွင့်လှစ်ပေး

နေပြည်တော် ဇွန် ၃၀

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါအိမ်ရာစီမံကိန်း၌ ကျင်းပရာဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်း(MDA)မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိ သူများက မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ် တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် သတ်မှတ်နေရာများ၌ သစ်ပင်များ စိုက်ပျိုးပေးကြသည်။

ဆက်လက်၍ အစီအစဉ်ဒုတိယပိုင်းကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးက လူမှုပတ်ဝန်းကျင်၌ စားရေး၊ ဝတ်ရေး၊ နေရေးဆိုသည့် အဓိကကျသည့် အခြေခံအရေး(၃) ပါးသည် မရှိမဖြစ်လိုအပ်သည့် အတွက် လူသားတိုင်းသည် နိစ္စဓူဝကြိုးစားလုပ်ကိုင်နေကြရကြောင်း၊ လုံခြုံမှုရှိပြီး နွေးထွေးစွာနေထိုင်နိုင်ရေး၊ သိုက်သိုက်ဝန်းဝန်းဖြင့် ပျော်ရွှင်စွာနေထိုင် နိုင်ရေးသည် အရေးကြီးသောကြောင့် မိသားစုတစ်စု၊ လူတစ်ဦးချင်းအတွက် “အိမ်”၊ “အိမ်ခန်း” ဆိုသည့် အသိုက်အမြုံတစ်ခုသည် မရှိမဖြစ်လိုအပ်ကြောင်း။

ပြည်သူ့အငှားအိမ်ရာစနစ်ကို မြန်မာနိုင်ငံတွင် ၁၉၅၁ ခုနှစ်ကပင် ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး ဝင်ငွေနည်းပြည်သူများအတွက် ပြင်ပငှားရမ်းခများထက် သက်သာသည့်နှုန်းထားများဖြင့် ငှားရမ်းနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ယခုအိမ်ရာဖော်ဆောင်ထားသည့် ပတ်ဝန်းကျင်ဒေသသည်လည်း မကြာမီမြို့ပြကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်သည့်အတွက် ပြည်သူ့အငှားအိမ်ရာ ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မင်္ဂလာရန်ကင်း အငှားအိမ်ရာဆောက်လုပ်ပေးခြင်းနှင့်စပ်လျဉ်း၍ မန္တလေးမြို့နေ ဝင်ငွေနည်းပြည်သူများအတွက် များစွာအကျိုးရှိသည့် အခြေအနေကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA)မှ စီမံကိန်းဒါရိုက်တာတစ်ဦးက အငှားအိမ်ရာစီမံကိန်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး အိမ်ရာငှားရမ်းနေထိုင်ခွင့်ရှိသူများကိုယ်စား ကျောင်းဆရာမတစ်ဦးဖြစ်သည့် ဒေါ်လှိုင်လှိုင်သိန်းက ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အိမ်ခန်းနေထိုင်ခွင့် ရရှိသူများထဲမှ ငါးဦး၏ အခန်းနံပါတ်ကို ကနဦးမဲနှိုက်ပေးပြီး ကျန်ရှိသည့် အိမ်ခန်းနေထိုင်ခွင့်ရရှိ သူများအတွက် အခန်းနံပါတ်မဲနှိုက်ပေးခြင်းကို ဆက်လက်ဆောင်ရွက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းအတွင်းရှိ အိမ်ခန်းတစ်ခန်း၏ နမူနာခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ယနေ့ဖွင့်လှစ်သည့် မင်္ဂလာရန်ကင်းပြည်သူ့ အငှားအိမ်ရာသည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင်တည်ရှိပြီး ပြည်သူများနေထိုင်ရေး အဆင်ပြေစေရန် အိမ်ခန်းတစ်ခန်းလျှင် ဧည့်ခန်း၊ အိပ်ခန်းနှစ်ခန်း၊ ချက်ပြုတ်ခန်းနှင့် ရေချိုးခန်း၊ သန့်စင်ခန်းတို့ပါဝင်သည့် လေးခန်းတွဲ ငါးထပ်အဆောက်အအုံ ၉၁လုံးဖြစ်ပြီး အိမ်ခန်းပေါင်း ၁၄၅၆ ခန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီး၍ ဝင်ငွေနည်းပြည်သူများကို နေရာချထားပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်