Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး ပြည်ရေနံမြေရှာဖွေရေးအစမ်းတွင်း၊ တီတွတ်ပိုက်လိုင်းအခြေစိုက်စခန်းနှင့် ဓာတ်ငွေ့ဖိအားမြှင့်စက်ရုံ(တီတွတ်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၃၀

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပဲခူးတိုင်းဒေသကြီးရှိ ပြည်ခရိုင်အနောက်ဘက်ကမ်းရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တူးဖော်နေသောရှာဖွေရေးအစမ်းတွင်း၊ တီတွတ်ပိုက်လိုင်းအခြေစိုက်စခန်းနှင့် ဓာတ်ငွေ့ဖိအားမြှင့် စက်ရုံ(တီတွတ်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ရေနံမြေရှင်းလင်းဆောင်၌ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံရာ ပြည်ရေနံမြေအထွေထွေမန်နေဂျာက ရေနံထုတ်လုပ်မှုဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းသုံးပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ ရေနံမြေလုံခြုံရေးနှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အထူးအလေးထားဆောင်ရွက်ကြရန် မှာကြားကာ ဝန်ထမ်းများကို အင်အားဖြည့်အစားအစာများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ခရိုင်အနောက်ဘက်ကမ်းရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တူးဖော်နေသော ရေနံရှာဖွေရေးအစမ်းတွင်းသို့ သွားရောက်စစ်ဆေးရာတာဝန်ရှိသူများက တွင်းတူးဖော်နေသည့်နေရာရှိ ဘူမိဗေဒနှင့် ဘူမိရူပဗေဒဆိုင်ရာ အချက်အလက်များနှင့် တွင်းတူးဖော်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြောကြားပြီး ရေနံအစမ်းတွင်းတူးဖော်နေမှုကို လည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများကို အင်အားဖြည့်အစားအစာများ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တီတွတ်ပိုက်လိုင်းအခြေစိုက်စခန်းသို့ရောက်ရှိရာ စခန်းတာဝန်ရှိသူများက လိုအပ်သောသဘာဝဓာတ်ငွေ့များကို ပို့လွှတ်နိုင်ရေး ပိုက်လိုင်းပြုပြင်ခြင်း လုပ်ငန်းနှင့် သဘာဝဓာတ်ငွေ့ဖိအားမြှင့်စက်များ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အခြေအနေကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သဘာဝဓာတ်ငွေ့များ စဉ်ဆက်မပြတ်ပို့လွှတ်ပေးနိုင်ရေး ပိုက်လိုင်းစစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ၊ ဖိအားမြှင့်စက်များနှင့်သတ်မှတ် ဖိအားပုံမှန်ပို့လွှတ်ပေးနိုင်ရေး စီမံချက်ချမှတ်ဆောင်ရွက်ကြစေလိုကြောင်းမှာကြားပြီး အရာထမ်း၊ အမှုထမ်းများကို အင်အားဖြည့် အစားအစာများပေးအပ်ကာ ဓာတ်ငွေ့ဖိအားမြှင့် စက်ရုံ(တီတွတ်) အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်