Skip to main content

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော်မတီတစ်ရပ်ဖြစ်သော နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၃၀

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော်မတီတစ်ရပ်ဖြစ်သော နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထိရောက်စွာ နိုင်ငံတကာအကူအညီပေးအပ်ရေးအတွက်သက်ဆိုင်သူများအကြား ပေါင်းစပ် ညှိနှိုင်းရန်နည်းလမ်းရှာဖွေရေးအတွက် ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း အဓိကဆွေးနွေးပြောကြားသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မိုခါမုန်တိုင်းဒဏ်သင့်နေရာများတွင် တုံ့ပြန်ဆောင်ရွက်မှုများကို အစိုးရတစ်ရပ်လုံး/လူမှုအဖွဲ့ အစည်းတစ်ရပ်လုံးဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စကို ဆွေးနွေးပြောကြားသည်။

လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က မုန်တိုင်းဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် နိုင်ငံတကာမှ အကူအညီပေးအပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က မုန်တိုင်းသင့်ဒေသများတွင် လက်တွေ့ကျသည့်နည်းလမ်းဖြင့် အဖြေရှာ၍ တုံ့ပြန်ဆောင်ရွက်ရန် အရေးကြီးကြောင်းကို အလေးပေးဆွေးနွေးပြောကြားသည်။

ထို့ပြင် ကော်မတီဝင်များက မုန်တိုင်းသင့်ပြည်သူများအတွက် ထိရောက်စွာအကူအညီပေးရေး ပေါင်းစပ်ညှိနှိုင်းနိုင်မှုအခြေအနေများအပေါ် အကြံပြုဆွေးနွေးကြသည်။

သတင်းစဉ်