နေပြည်တော် ဇွန် ၃၀
နိုင်ငံ့စီးပွားမြှင့်တင်ရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရေးကြီးသည့်အစည်းအဝေးတစ်ခုဖြစ်ကြောင်း၊ အဓိကအားဖြင့် ကုန်ထုတ်လုပ်မှုများဆောင်ရွက်နေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့်ပတ်သက်သည့် နည်းလမ်းများကို ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စီးပွားရေးပြန်လည်ဦးမော့လာပြီး ၃ ဒသမ ၂ ရာခိုင် နှုန်းထိတိုးတက်ခဲ့ကြောင်း၊ သို့သော် နိုင်ငံခြားကုန်သွယ်မှုနှင့်ပတ်သက်၍ လိုအပ်ချက် ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ကုန်သွယ်မှု၌သွင်းကုန်တွင်အဓိကပါရှိသည့် စက်မောင်းဆီနှင့် စားသုံးဆီတင်သွင်းမှုများမှာ ပမာဏများပြားနေသည်ကို တွေ့ရကြောင်း။
၂၀၁၁ ခုနှစ်မှစတင်၍ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးဆောင်ရွက်ခဲ့ပြီး စီးပွားရေးကိုလည်း ဈေးကွက်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီ အစိုးရပထမသက်တမ်းတွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့ပြီး နိုင်ငံစီးပွားရေးမှာ ထိုက်သင့်သလောက်တိုးတက်မှုရှိခဲ့ကြောင်း၊ တိုးတက်မှုနှုန်းအနေဖြင့် ၈ ရာခိုင်နှုန်းကျော်အထိရှိခဲ့ကာ နောက်ဆုံးတစ်နှစ်တွင် စီးပွားရေးအနည်းငယ်ကျဆင်းခဲ့ကြောင်း၊ အလားတူ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းပထမနှစ်တွင် စီးပွားရေးတိုးတက်မှုအားကောင်းမည့် အလားအလာတွေ့ရှိရသော်လည်း တတိယနှစ်မှစတင်၍ စီးပွားရေးများကျဆင်းလာ သည်ကိုတွေ့ရကြောင်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားရေးတိုးတက်မှုမှာ ၃ ရာခိုင်နှုန်းကျော်ခန့် သာရှိပြီး နောက်ပိုင်းတွင် အနုတ်ဘက်သို့ ရောက်ရှိခဲ့ကြောင်း။
ဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့
နိုင်ငံ့စီးပွားကျဆင်းမှုကို သိရှိရန်လိုအပ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန လေးခုကိုတာဝန်ပေးအပ်၍ လေ့လာသုံးသပ်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ တွေ့ရှိချက်များအရ နိုင်ငံ့စီးပွားရေး အတက်အကျဖြစ်ခြင်းသည် ကုန်ထုတ်လုပ်မှုနှင့် နိုင်ငံတော်၏ ရငွေ၊ ပို့ကုန်၊ ရင်းနှီးမြှုပ်နှံမှု၊ သဘာဝဘေးဒဏ်ကျရောက်မှု၊ စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုအားနည်းချက်များ၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် လိုအပ်သည့်အကြောင်းအရင်းများနှင့် အဓိကသက်ဆိုင်နေသည်ကို တွေ့ရှိရသည့်အပြင် လုပ်သင့်လုပ်ထိုက်သည်များကို အချိန်မီဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံကြီးအချို့က ၎င်းတို့လိုရာ စိတ်တိုင်းကျ ဆောင်ရွက်ပေးနိုင်မည့်အစိုးရကို ငွေကြေးထောက်ပံ့မှုများကို နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးလုပ်ဆောင်ခဲ့မှုများ၊ အစိုးရ၏စွမ်းဆောင်ရည်မြင့်မားမှုပုံစံမျိုးဖြစ်စေရန် ဖန်တီးဆောင်ရွက်ပေးသည်ကိုလည်း တွေ့ရှိရသည်ဟု လေ့လာသုံးသပ်ချက် အစီရင်ခံစာအရ သိရှိရ ကြောင်း။
နိုင်ငံတစ်ခု၏ စီးပွားရေးနှင့်ပတ်သက်၍ ကုန်သွယ်မှု၊ အခြားလမ်းကြောင်းမှရရှိသည့် ဝင်ငွေများအပေါ်မူတည်၍ စီးပွားရေးအပြောင်းလဲများ ရှိသည်ကို မိမိအနေဖြင့် သုံးသပ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှုသည် လူသားအရင်းအမြစ်ကြွယ်ဝမှုအပေါ်တွင် မူတည်သည်ကိုလည်းတွေ့ရှိရကြောင်း၊ စီးပွားရေးကို ကောင်းမွန်အောင်လုပ်ဆောင်နိုင်သည့်၊ ကုန်ထုတ်လုပ်မှုတိုးတက်အောင် လုပ်ဆောင်နိုင်သည့် လူသားအရင်းအမြစ်များ ပေါများလာပါက နိုင်ငံ့စီးပွားသည် တိုးတက်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှုကို နိုင်ငံများ၌လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍ စသည့်ကဏ္ဍသုံးခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှုကို ကြည့်၍ နိုင်ငံ၏ GDP ကို တွက်ချက်ကြသည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ GDP မှာ အာဆီယံနိုင်ငံများ၌ အဆင့် ၇ ၊ အဆင့် ၈ ဝန်းကျင်တွင်ရှိသည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၅၃၆ ဒသမ ၁၆ ဘီလီယံ၊ မလေးရှားနိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၄၀၇ ဒသမ ၉၂၃ ဘီလီယံ၊ ဗီယက်နမ်နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၄၀၆ ဒသမ ၄၅၂ ဘီလီယံရှိပြီး မိမိတို့နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ နီးပါးရှိကြောင်း၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ပြီး စက်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင်အရှိန်ရှိသည့် နိုင်ငံများဖြစ်ကြောင်း၊ သို့သော် အဓိကအခြေခံ ထုတ်ကုန်မှာစိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ အဆိုပါ နိုင်ငံများ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးပို့ကုန်နှင့် မိမိတို့နိုင်ငံ၏ ပို့ကုန်ပမာဏများ များစွာကွာခြားလျက်ရှိသည်ကို တွေ့ရကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ကုန်ထုတ်လုပ်မှုများ နည်းပါးသည်ကိုတွေ့ရကြောင်း၊ အလားတူ မြေများကိုလည်း အကျိုးရှိစွာ အသုံးချမှုနည်းပါးပြီး အသုံးပြသည့် မြေတစ်ဧကချင်းအလိုက် အကျိုးရှိစွာဆောင်ရွက်နိုင်မှုမရှိသည်ကိုတွေ့ရကြောင်း၊ နိုင်ငံအတွင်း ရေ၊ မြေ သယံဇာတနှင့် လူသားအရင်းအမြစ်များရှိ ပြီးဖြစ်သော်လည်း စွမ်းအားရှိသမျှအသုံးမပြုနိုင်သဖြင့် မိမိတို့နိုင်ငံ၏ လယ်ယာကဏ္ဍကြီးသည် GDP တွင် ပါဝင်မှုမှာ နည်းပါးနေခြင်းဖြစ်သည်ကို တွေ့ရကြောင်း၊ စက်မှုကဏ္ဍတွင်လည်းလယ်ယာကဏ္ဍကြီးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုကို အများဆုံးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဝန်ဆောင်မှုသည်လည်း ထုတ်လုပ်သည့် ထုတ်ကုန်များအပေါ်မူတည်၍ ငွေကြေးလည်ပတ်စီးဆင်းမှုများ၊ အခြားဝန်ဆောင်မှုများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကုန်ထုတ် လုပ်မှုများနည်းပါးပါက ဝန်ဆောင်မှုလုပ်ငန်းများ လည်း လျော့နည်းနေမည်ဖြစ်ကြောင်း။
ပြည်ပသို့ ဆန်တင်ပို့မှု
လယ်တစ်ဧကအထွက်နှုန်း၏ ပန်းတိုင်ရည်မှန်းချက်မှာ စပါးတင်း ၁၀၀ ဖြစ်ကြောင်း၊ လက်ရှိပျမ်းမျှ ၇၅ တင်းခန့်ထွက်ရှိသည်ဟု သိရှိရကြောင်း၊ မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ၁၅ သန်းခန့်ရှိကြောင်း၊ လက်ရှိအထွက်နှုန်းအရ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၂ သန်းခန့် ပြည်ပသို့တင်ပို့နေရကြောင်း၊ တစ်ဧက တင်း ၁၀၀ ထွက်ရှိအောင်ဆောင်ရွက်နိုင်မည်ဆိုပါက တစ်ဧက ၂၅ တင်းနှုန်းဖြင့် ပိုမိုထွက်ရှိလာမည်ဖြစ်သဖြင့် စပါးတင်းပေါင်း ၃၇၅ သန်း ပိုမိုထွက်ရှိလာပြီး ပျမ်းမျှစပါးတစ်တင်းလျှင် တစ်သောင်းကျပ်နှုန်းဖြင့် တွက်ချက်မည်ဆိုလျှင်ပင် ထုတ်လုပ်မှုတန်ဖိုး ဘီလီယံ ၃၇၅၀ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ထိုသို့ပိုမို ထုတ်လုပ်နိုင်ခြင်းကြောင့် တောင်သူများ၏ ငွေကြေးလည်ပတ်သုံးစွဲမှုများ တိုးတက်လာမည်ဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုတိုးတက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရောင်းလိုအားနှင့် ဝယ်လိုအားကို တွက်ချက်ကြည့်မည်ဆိုပါက ဘီလီယံ ၈၀၀၀ ခန့် တိုးတက် လာမည်ဖြစ်ကြောင်း၊ ပိုမိုထွက်ရှိလာသည့် စပါးများ ကို ဆန်အဖြစ်ထုတ်လုပ်၍ ပြည်ပသို့ ရောင်းချမည်ဆိုပါက သန်းပေါင်းများစွာ ဝင်ငွေတိုးတက်လာမည် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ယခုနှစ်အတွင်း မိုးစပါး ၁၄ ဒသမ ၉ သန်းစိုက်ပျိုးပြီး လယ်အနေဖြင့် ၁၃ သန်း ကျော်ရှိကြောင်း၊ အဆိုပါ ၁၃ သန်းကျော်တွင် ၆ ဒသမ ၆ သန်း၌ သီးထပ်များ စိုက်ပျိုးကြောင်း၊ သီးထပ်စိုက်ပျိုးခြင်းမပြုနိုင်သည့် မြေ ၇ ဒသမ ၃ သန်းတွင် ပဲအမျိုးမျိုး၊ နေကြာ၊ ပီလောပီနံ (သို့မဟုတ်) သီးနှံတစ်မျိုးမျိုးကိုစိုက်ပျိုး၍ တစ်ဧကလျှင် ၁၀ သိန်းဖိုးခန့်ထုတ်လုပ်နိုင်မည်ဆိုပါက ဘီလီယံ ၇၃၀၀ နှင့်ညီမျှသည့် ထုတ်ကုန်ပစ္စည်းများရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးတွင် မြေကိုအကျိုးရှိစွာ အသုံးချဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းတစ်ခုတည်းဖြင့် လယ်ယာကဏ္ဍကြီးမှ GDP ပါဝင်မှုအချိုးသည်များစွာ တိုးတက်လာမည်ဖြစ်ကြောင်း၊ အလားတူပြည်ပပို့ကုန်များလည်း များစွာတိုးတက်ပြောင်းလဲ သွားနိုင်ကြောင်း။
ပြည်ပသို့တင်ပို့ ရောင်းချမှုများဆောင်ရွက်ခဲ့
အလားတူ ဆီထွက်သီးနှံစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ၂၀၂၂ - ၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံ (ဆီအုန်းမပါ)တွက်ချက်ကြည့်ပါက စိုက်ပျိုးဧက ၈ သိန်းစိုက်ပျိုးခဲ့ပြီး ဒေသအလိုက် အထွက်နှုန်းများအရ ဆီတန်ချိန် ၆ ဒသမ ၉ သိန်းရရှိမည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ ဆီထွက်သီးနှံများအားလုံးကို ဆီထုတ်လုပ်မည်ဆိုပါက တစ်နိုင်ငံလုံး ဆီဖူလုံမှုမှာ ၁၂၆ ဒသမ ၂ ရာခိုင်နှုန်းရှိသည်ကိုတွေ့ရကြောင်း၊ သို့သော် မြေပဲ၊ နှမ်း စသည့်သီးနှံများကို အခြားနည်း များဖြင့် စားသုံးခြင်းများရှိသကဲ့သို့ ပြည်ပသို့တင်ပို့ ရောင်းချမှုများဆောင်ရွက်ခဲ့ကြောင်း၊ ပြည်ပသို့တင်ပို့မှုမှ ရရှိသည့်ရောင်းရငွေနှင့် ပြည်ပမှ ဆီတင်သွင်းမှု ကြောင့် ကုန်ကျငွေများမှာ မကာမိသည်ကို တွေ့ရှိရ ကြောင်း၊ မြေပဲနှင့်နှမ်းများကို ပြည်ပသို့တင်ပို့ခြင်းမရှိဘဲ ပြည်တွင်းဆီထုတ်လုပ်မှုအတွက်သာ အသုံးပြုမည်ဆိုပါက ပြည်တွင်းစားသုံးဆီဖူလုံမှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ထို့ထက်ပိုမိုသေချာစေရန်အတွက် စိုက်ပျိုးဧကများအလိုက် ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ကြိုးစားဆောင်ရွက်ပါက မိမိတို့နိုင်ငံ၏ ဆီဖူလုံမှုမှာ ၂၄၉ ဒသမ ၅ ရာခိုင်နှုန်းရှိသည် ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဆီထွက်သီးနှံများအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဆိုပါက နှစ်စဉ်ပြည်ပမှ ဒေါ်လာသန်း ၆၀၀ ဖိုးခန့် တင်သွင်းနေရသည့် ဆီတင်သွင်းမှုများကို လျှော့ချနိုင် မည်ဖြစ်ကြောင်း၊ အလားတူပဲတင်ပို့မှုတွင်လည်း မိမိတို့နိုင်ငံအနေဖြင့် ကမ္ဘာပေါ်တွင် အဆင့် ၂ နှင့် ၃ နေရာတွင်ရှိကြောင်း၊ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့သည် ပြည်ပဈေးကွက်သို့ အများဆုံးတင်ပို့နေသည့်ပဲများဖြစ်ကြောင်း၊ ပဲနှင့်ပတ်သက်သည့် ပစ္စည်းများကိုလည်း အထွက်နှုန်းတိုးအောင်ဆောင်ရွက်မည်၊ စိုက်ပျိုးခြင်းမပြုနိုင်သည့် စိုက်ပျိုးမြေဧက ၇ သန်း ကျော်တွင် ပဲများစိုက်ပျိုးထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက ပဲထုတ်လုပ်မှုသည် ဈေးကွက်သေချာမှုရှိသည့် ကုန်ထုတ်လုပ်မှုဖြစ်သဖြင့် ပို့ကုန်ပမာဏများ များစွာတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆန်၊ ဆီထွက်သီးနှံနှင့် ပဲတို့သည့် စိုက်ပျိုးရေးကဏ္ဍကြီးတွင် အဓိကအနေဖြင့် ပါဝင်ပြီး GDP ကို တိုးတက်စေနိုင်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အလေးထားဆောင်ရွက်ကြစေလိုကြောင်း။
ဝါစိုက်ပျိုးမှုနှင့် ပတ်သက်၍ ၂၀၁၁-၂၀၁၂ ခုနှစ် တွင် တစ်နိုင်ငံလုံး ဝါစိုက်ပျိုးမှုမှာ စိုက်ဧက ၈ သိန်း ကျော်ရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စိုက်ဧက ၃ ဒသမ ၈၉ သိန်းအထိ ကျဆင်းသွားခဲ့သဖြင့် ဧက ၄ သိန်း ကျော်ခန့် လျော့နည်းသွားခဲ့ကြောင်း၊ ထိုသို့လျော့နည်းသွားရခြင်းမှာ ဝါစိုက်ပျိုးမှုကို သေချာစေ ရန် အားပေးဆောင်ရွက်ခဲ့မှုများ အားနည်းခဲ့ခြင်း ကြောင့်ဖြစ်သည်ကို စိုက်ပျိုးတောင်သူများ၏ တင်ပြချက်အရသိရှိရကြောင်း၊ ဝါစိုက်ပျိုးဧက ၈ သိန်းကို စနစ်တကျဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းဝါဖူလုံမှုရှိသည်ကိုတွေ့ရှိရကြောင်း၊ ပို့ကုန်နှင့်ပတ်သက်၍ တိုးမြှင့်ဆောင်ရွက်နိုင်ရန်လိုသကဲ့သို့ ပြည်တွင်းထုတ်လုပ်မှုနှင့်ပတ်သက်၍ ပြည်တွင်းသုံးစွဲမှုအတွက် လုံလောက်စွာထုတ်လုပ်နိုင်ရန် လိုအပ်သည်ကို တွေ့ရှိရကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မြေဩဇာနှင့် စိုက်ပျိုးရေများလုံလောက်စွာ ရရှိအောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အထွက်နှုန်းများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း။
အထွက်နှုန်းများတိုးတက်စေရေး
မီးဖိုချောင်သုံးသီးနှံများဖြစ်သည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးတို့သည် မိမိတို့နိုင်ငံအနေဖြင့် မရှိမဖြစ်စားသုံးသည့် သီးနှံများဖြစ်ကြကြောင်း၊ ကြက်သွန်ဖြူအချို့အားပြည်ပမှ တင်သွင်းနေပြီး အာလူးစိုက်ပျိုးမှုမှာလည်း ပြည်တွင်းလိုအပ်ချက် လုံလောက်ရုံမျှသာ စိုက်ပျိုးထုတ်လုပ်နိုင်ကြောင်း၊ အဆိုပါသီးနှံများ၏ တစ်ဧကအထွက်နှုန်းများ အားနည်းနေသဖြင့် အထွက်နှုန်းများတိုးတက်စေရေး စိုက်ပျိုးထုတ်လုပ်နိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် အာလူးတို့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် ကဏ္ဍတစ်ခုအနေဖြင့် ပါဝင် နေသည်ကို သိရှိရန်လိုကြောင်း။
ပြည်ပဈေးကွက်ဝင်ဖြစ်သည့် ကော်ဖီနှင့် လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ သေချာသည့် ထုတ်လုပ်မှုများဖြစ်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဝင်ငွေများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆန်၊ ဆီထွက်သီးနှံ၊ ပဲ၊ ဝါ၊ မီးဖိုချောင်သုံး သီးနှံများ၊ ကော်ဖီနှင့် လက်ဖက်စိုက်ပျိုးခြင်းတို့ကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေးကဏ္ဍကြီးတွင် များစွာပြောင်းလဲသွားနိုင်မည်ဖြစ်ကြောင်း။
ဝယ်လိုအားနှင့် ရောင်းလိုအားမျှတအောင် မွေးမြူရန်လို
မွေးမြူရေးကဏ္ဍနှင့် ပတ်သက်၍လည်း ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးတို့သည် မိမိတို့နိုင်ငံတွင် မွေးမြူဖြစ်ထွန်းကြောင်း၊ သို့သော် အသား၊ ငါးများ၏ ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိကြောင်း၊ အရေ အတွက်များများ ထုတ်လုပ်နိုင်မှသာ များများရောင်း ချနိုင်မည်ဖြစ်ကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မျှတအောင် မွေးမြူရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် တိရစ္ဆာန်အစာများကို ပြည်တွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များဖြင့် အားလုံး ထုတ်လုပ်၍ရကြောင်း၊ အလားတူ ပရိုတင်းဓာတ်ကြွယ်သည့် မြက်များစိုက်ပျိုးနိုင်သည့် မြေနေရာများရှိပြီးဖြစ်ကြောင်း၊ အသား၊ ငါးများ၏ ဈေးနှုန်းများကြီးမြင့်ရခြင်းမှာ ထုတ်လုပ်မှုများ အားနည်းခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျ ဆောင်ရွက်ကြစေလိုကြောင်း။
မိမိတို့နိုင်ငံတွင် ပြည်တွင်း၌ ထုတ်လုပ်ရန်အခြေခံကောင်းများရှိသော်လည်း ထုတ်လုပ်မှုအားပေးခြင်းမရှိသဖြင့် ပြည်ပမှတင်သွင်းနေရမှုများရှိကြောင်း၊ ဥပမာအားဖြင့် နို့ထွက်ပစ္စည်းများ၊ စက္ကူများ၊ စက်ဘီးနှင့်ဆိုင်ကယ် တာယာများ၊ ကျွတ်များကို သန်းပေါင်းများစွာတင်သွင်းနေရကြောင်း၊ အလားတူဝါနှင့် ချည်ထည်ပစ္စည်းများကိုလည်း တင်သွင်းနေရကြောင်း၊ အဆိုပါပစ္စည်းများကို ယခင်ကပြည်တွင်း၌ ထုတ်လုပ်ခဲ့သော်လည်း ထုတ်လုပ်မှုအားမပေးခဲ့ခြင်းကြောင့် စက်ရုံများရပ်ဆိုင်းခဲ့ရကြောင်း၊ ပြည်တွင်း၌ စက္ကူထုတ်လုပ်ရေးလုပ်ငန်း၊ နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ရော်ဘာအခြေခံစက်မှုလုပ်ငန်းများနှင့် ချည်ထည်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍကြီးနှင့် စက်မှုကဏ္ဍကြီးတို့တွင် GDP များ တိုးတက်လာမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုများ အားနည်းပြီး ရောင်းကုန်များမရှိသဖြင့် ပြည်ပပို့ကုန်အားနည်းပြီး ပြည်ပကုန်သွယ်မှုတွင် နှစ်ပေါင်းများစွာ လိုငွေများဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၂ ဘီလီယံကျော်ရှိခဲ့ကြောင်း၊ အလားတူ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကုန်သွယ်မှုလိုငွေ ၁၂ ဒသမ ၆၁ ဘီလီယံရှိကြောင်း၊ လိုငွေများကို Non Trade ဝင်ငွေများမှ ရရှိသည့်ငွေများဖြင့် သုံးစွဲခဲ့ခြင်းဖြစ်သည်ကို တွေ့ရကြောင်း၊ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းနှင့် ဒုတိယသက်တမ်းတွင် နိုင်ငံတကာမှထောက်ပံ့ငွေ၊ ကူညီငွေနှင့် ချေးငွေများရရှိခဲ့ကြောင်း၊ အဆိုပါရရှိသည့် ငွေများဖြင့် နိုင်ငံတော်၏ နိုင်ငံခြားငွေသုံးစွဲမှုများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းဆောင်ရွက်သွားသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရမှ တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံတကာမှ ပိတ်ဆို့မှုများ လုပ်ဆောင်လာကြောင်း၊ ရှိပြီးဖြစ်သည့် နိုင်ငံခြားငွေများသုံးစွဲ၍ မရစေရန်၊ ရရန်ရှိသည့် ရောင်းကုန်ပစ္စည်းရငွေများ မပေးချေနိုင်စေရန်ပိတ်ဆို့မှုမျိုးစုံဖြင့် ဆောင်ရွက်လာကြောင်း၊ မိမိတို့အနေဖြင့် ပို့ကုန်များမရှိဘဲ လိုသမျှကို မှာယူအသုံးပြုနေမည်ဆိုပါက နိုင်ငံခြားငွေလိုအပ်မှုများ လာမည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ ရနိုင်သမျှထုတ်လုပ်နိုင်ရေး တာဝန်ရှိသည်ကို ပြောကြားလိုကြောင်း။
အသုံးစရိတ်ချွေတာရေးနှင့် ပတ်သက်၍မဖြစ်မနေ သုံးစွဲရန်လိုအပ်သည်များမှအပချွေတာသုံးစွဲကြစေလိုကြောင်း၊ ဖြုန်းတီးမှုများမဖြစ်စေရေး အသုံးစရိတ်များကို စနစ်တကျဖြင့် သုံးစွဲကြရန် လိုကြောင်း၊ အသေးစိတ်မှစ၍ ခြိုးခြံချွေတာနိုင်မှသာ ပြည်တွင်းလိုငွေပြမှုနှင့် နိုင်ငံခြားငွေ လိုငွေပြမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ပမှ ဝယ်ယူသုံးစွဲခြင်းထက် ပြည်တွင်းဖြစ် ထုတ်ကုန်များကို အသုံးပြုရန်လိုကြောင်း။
မြေပေါ်မြေအောက် သယံဇာတများ ထုတ်ယူသုံးစွဲခြင်းနှင့်ပတ်သက်၍ မြေအောက်သယံဇာတများ ထုတ်ယူသုံးစွဲခြင်းကို တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော်တရားမဝင်နည်းလမ်းများဖြင့် ထုတ်ယူသုံးစွဲနေမှုများလည်းရှိကြောင်း၊ မြေပေါ်သယံဇာတများဖြစ်သည့် သစ်များကိုလည်း တရားမဝင်ခိုးထုတ်၍ ပြည်ပသို့ တင်ပို့ရောင်းချနေမှုများလည်းရှိကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် သယံဇာတများကို တရားမဝင်နည်းလမ်းများဖြင့်ထုတ်ယူပြီး ပြည်ပသို့ မှောင်ခိုတင်ပို့နေခြင်းကြောင့် နိုင်ငံတော်၏ အခွန်ငွေရရှိမှုများကို များစွာထိခိုက်စေလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်နေမှုများကိုလည်း တာဝန်ရှိသူများအနေဖြင့် စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ နယ်စပ်ကုန်သွယ်ရေးတွင် အိမ်နီးချင်းကောင်းပီသစွာဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်သွားရန်လိုကြောင်း။
ပြည်တွင်းစီးပွားရေးနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်ဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်သွားရန်တိုက်တွန်းလိုကြောင်း၊ ဒေသအလိုက်ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၌ ဒေသတွင်းစားသုံးမှု၊ နိုင်ငံတွင်းစားသုံးမှုအတွက် ဖူလုံအောင်ထုတ်လုပ်ခြင်းနှင့် ပြည်ပပို့ကုန်အတွက် ထုတ်ခြင်းတို့ကိုဆောင်ရွက်ရာတွင် ပြည်တွင်းထုတ်လုပ်မှုအတွက် အသေချာဆုံးဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများမှ ကုန်ထုတ်လုပ်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မဖြစ်မနေတိုးမြှင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ သွင်းကုန် အစားထိုးထုတ်လုပ်ခြင်းအနေဖြင့် စက္ကူ၊ ရော်ဘာ ပစ္စည်း၊ နို့ထွက်ပစ္စည်း၊ ချည်ထည်ပစ္စည်း စသည့် ပစ္စည်းများကို ပြည်တွင်း၌ တတ်နိုင်သမျှ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း။
ဓာတ်မြေဩဇာများရရှိရေး ဆောင်ရွက်
စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိကလိုအပ်သည့် ဓာတ်မြေဩဇာများရရှိရေးအတွက် ထိုက်သင့်သလောက် ပြည်ပမှတင်သွင်းပေးမည်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာများရရှိရေး ဆောင်ရွက် သကဲ့သို့ သဘာဝမြေဩဇာများ၊ ဇီဝမြေဩဇာများဖြင့်သုံးစွဲရေးအတွက်လည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်တွင်း၌ ဓာတ်မြေဩဇာများထုတ်လုပ်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့်ပတ်သက်၍ ယခင် အစိုးရသက်တမ်းကာလတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများ အကြောင်းအမျိုးမျိုး ကြောင့် ဆိုင်းငံ့ခြင်းနှင့်ဖျက်သိမ်းခြင်းများကို ပြုလုပ်ခဲ့သဖြင့် လက်ရှိအချိန်တွင် မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိမှုမရှိသေးကြောင်း၊ အလားတူ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း များကိုလည်း အဖျက်အမှောင့်လုပ်ရပ်များ ဆောင်ရွက်နေခြင်းကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု များကို ထိခိုက်စေလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အသေးစား ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်၍ သုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ အလားတူ စပါးခွံလောင်စာသုံး Gasifires Power သုံးစွဲ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်၍ရကြောင်း၊ မိမိတို့နိုင်ငံတွင် ရေချိုများပေါများစွာရှိပြီး စိုက်ပျိုးရေးအတွက် လိုအပ်သည့် ရေများကို မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်ရန်လိုကြောင်း။
ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးကွက်သုတေသန၊ ထုတ်လုပ်မှုသုတေသနများ ပြုလုပ်ထားရန်လိုကြောင်း၊ ပြည်ပလိုအပ်ချက်ရှိသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်နှင့် ပို့ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်စွာဖြင့် အရည်အတွက်များများ ထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်းများပြုလုပ်ရန်လိုကြောင်း၊ ဈေးကွက်သုတေသနကိုလည်း အမြဲမပြတ်ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စိုက်ပျိုးထုတ်လုပ်နေသည့် ထွက်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်စေရေး အမြဲမပြတ်သုတေသနပြုဆောင်ရွက်နေရန်တာဝန်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်ခြင်းထက် ဝယ်ရောင်းလုပ်ငန်းများ ဆောင်ရွက်သည်မှာ ပိုမိုများပြားကြောင်း၊ တရားမဝင်ကုန်သွယ်မှုများနှင့် သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်ခြင်းများသည် မိမိတို့နိုင်ငံစီးပွားရေး၏ ထိုးနှက်ချက်များ ဖြစ်ကြောင်း။
ခိုင်မာသည့်ဝင်ငွေများရရှိနိုင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်၍ ရောင်းကုန်ပစ္စည်း များရရှိအောင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက လက်ရှိဖြစ်ပွားနေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်သကဲ့သို့ နိုင်ငံခြားပို့ကုန်များပြားလာပါက ထုတ်လုပ်မှုကြောင့် နိုင်ငံခြားငွေများ တိုးတက် လာနိုင်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် နိုင်ငံချစ်စိတ်ဖြင့် စီးပွားရေးတိုးတက်အောင်၊ ကုန်ထုတ်လုပ်မှုများတိုးတက်အောင်၊ အသုံးစရိတ်များလျှော့ချနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအစည်းအဝေးမှ နိုင်ငံစီးပွားရေးမြှင့်တင်ရေးနှင့် ပတ်သက်၍အကြောင်းအရာများ အလိုက်ဖော်ထုတ်ချက်များရရှိပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက်ရာတွင် လက်ရှိဖြစ်ပေါ်နေသည့် အကန့်အသတ်များနှင့် ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (မတ်လကုန်)အထိ ကဏ္ဍအလိုက် ဂျီဒီပီတိုးတက်မှု၊ လယ်ယာ၊ စက်မှု၊ ဝန်ဆောင်မှုစသည့်ကဏ္ဍကြီး သုံးရပ်တိုးတက်မှု၊ ရန်ပုံငွေ အမျိုးအစားအလိုက်ဆောင်ရွက်နေမှုများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေထုတ်ချေးပြီးစီးမှု၊ ငွေကြေးဖောင်းပွမှု၊ ရငွေ၊ အသုံးစရိတ်နှင့် ကြွေးမြီ၊ ရငွေတိုးတက်ရရှိရေးနှင့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ၏ စီမံခန့်ခွဲမှု အားကောင်းရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များ၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ သီးနှံအလိုက် အထွက်နှုန်းတိုးတက်ရေးနှင့် ဒေသအတွင်း စားရေရိက္ခာဖူလုံရေးဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရေးနှင့် ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်နေမှု၊ ပြည်ပသို့ ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ရရှိရေးဆောင်ရွက်နေမှု၊ ရေထွက်ပစ္စည်း ထုတ်လုပ်နိုင်မှုနှင့် နိုင်ငံခြားဝင်ငွေရရှိမှု၊ KG + 9 ပြီးမြောက်သူများ တက်ရောက်နိုင်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တပ်မတော်အရာရှိကြီးများက နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ၊ စက်ရုံများကို စီးပွားရေးအရ တွက်ခြေကိုက်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားရေး၊ ဈေးကွက်စီးပွားရေးစနစ် ပိုမိုကောင်းမွန်စေရေးနှင့် ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန်ရေး၊ ဈေးကွက်ယှဉ်ပြိုင်မှုမျှတအောင် တရားမဝင်ကုန်သွယ်မှုများ ထိန်းချုပ်ရေး၊ ကုန်စည်စီးဆင်းမှုနှင့် ငွေကြေးစီးဆင်းမှု မှန်ကန်စေရေး၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ MSME လုပ်ငန်းများကို ကူညီပံ့ပိုးဆောင်ရွက်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အထွက်နှုန်း တိုးတက်ရေးအတွက် လိုအပ်သည့်ရင်းနှီးမတည်ငွေများ၊ မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ၊ နည်းပညာများ ထိရောက်စွာကူညီပံ့ပိုးဆောင်ရွက်ရေး၊ ပို့ကုန်မြှင့်တင်ရေးနှင့် သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်မည့်လုပ်ငန်းများ ဦးစားပေးဆောင်ရွက်ရေး၊ တပ်မတော်စက်ရုံအလုပ်ရုံများမှ ထုတ်ကုန်များ ထုတ်လုပ်ရောင်းချပေးမှုနှင့် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်၍ ပြည်သူများသို့ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြား ရာတွင် ဆီထွက်သီးနှံနှင့်ပတ်သက်၍ ပြည်ပသို့ မြေပဲနှင့် နှမ်းများတင်ပို့ခဲ့ကြောင်း၊ မြေပဲနှင့်နှမ်းများ ကို ပြည်တွင်း၌ ဆီထုတ်လုပ်ခြင်းဆောင်ရွက်မည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုကို အထောက်အကူပြု မည်ဖြစ်သကဲ့သို့ ထွက်ရှိလာသည့် ကြိတ်ဖတ်များကိုလည်း တိရစ္ဆာန်အစားအစာများဖြင့် ထုတ်လုပ်နိုင်ကြောင်း၊ အလားတူ စက်ဘီးနှင့် မော်တော်ဆိုင်ကယ်များ၏ တာယာနှင့် ကျွတ်များကိုလည်း များစွာတင်သွင်းခဲ့ရကြောင်း၊ အဆိုပါတာယာနှင့်ကျွတ်များ ကို ပြည်တွင်း၌ ထုတ်လုပ်၍ရသဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် စဉ်းစားဆောင်ရွက်ကြစေလို ကြောင်း၊ နယ်စပ်ဒေသကုန်သွယ်မှုများမှ နိုင်ငံ့ဝင်ငွေကို ထိခိုက်စေမှုများဖြစ်သည့် မသမာသည့် ကုန်သွယ် မှုများ ဖြစ်ပေါ်နေမှုအပေါ် စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများအားလုံးအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် တင်ပြဆောင်ရွက်ကြရန်လို ကြောင်းဖြင့် မှာကြားသည်။
ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံပိုင်စက်ရုံ အလုပ်ရုံများအား အကျိုးအမြတ်ရှိစွာဖြင့် လည်ပတ်နိုင်ရေးဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ပုဂ္ဂလိကမှ ဆောင်ရွက်နိုင်ခြင်းမရှိသည့် စက်ရုံအလုပ်ရုံများကို ဆောင်ရွက်ရာတွင်လည်း မှန်မှန်ကန်ကန်ဖြင့် ကိုယ်ကျိုးအတွက်မကြည့်ဘဲ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များသည် MSME လုပ်ငန်းများအတွက် သေချာသည့် ကုန်ကြမ်းများဖြစ်ကြောင်း၊ အဆိုပါ ကုန်ကြမ်းများကို အကျိုးရှိစွာအသုံးချ၍ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ဒေသစီးပွားရေးမြှင့်တင်ရေးအတွက် ရင်းနှီးမြှုပ်နှံငွေများကို ထုတ်ပေးထားပြီးအများအတွက် အကျိုးရှိစေရေး စနစ်တကျအသုံးချရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဖြစ်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်အတွက် လူသားအရင်းအမြစ်များကိုလည်း မွေးထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းမှာ တိုင်းပြည်၏အနာဂတ် တိုးတက်ရေးအတွက်ပင်ဖြစ်ကြောင်း၊ အတန်းပညာရှိမှသာ အတတ်ပညာများ တတ်မြောက်မည်ဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေး၊ စက်မှုနှင့် နည်းပညာသင်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ လူသားအရင်းအမြစ်ပေါများ ကြွယ်ဝစွာရရှိရေးမှာ အရေးကြီးကြောင်း၊ ထို့ကြောင့် ကျောင်းနေ အရွယ်ကလေးငယ်များအားလုံး ကျောင်းတက် ရောက်ပြီး အတန်းပညာရရှိရေးနှင့် အတတ်ပညာများ ရရှိရေး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အားလုံးကဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်