တောင်ငူ သြဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် Jiang Nan International Co.,Ltd မှ အလှူငွေပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း တက်ရောက်ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့် ပြည်သူများ အတွက် ပဲခူးတိုင်းအရှေ့ခြမ်းအား ကျပ်ငွေသိန်း(၅၀)၊ အနောက်ခြမ်း သိန်း(၅၀)၊ စုစုပေါင်း ကျပ်သိန်း(၁၀၀)ကို အလှူရှင်မှ တာဝန်ရှိသူများက ဝန်ကြီးချုပ်နှင့် လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီထံသို့ PPE ဝတ်စုံ(၃၀)အား ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် Dr တင်တင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဝင်း၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးထက်၊ ဒု-ခရိုင်အုပ်ချုပ်ရေးမှူးဒေါ်ညွန့်သူဇာမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပရဟိတ လူမှုရေး အသင်းများ၊ အလှူရှင် Jiang Nan International Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)