ရန်ကုန် ဩဂုတ် ၁၅
ဂျပန်အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ လှူဒါန်းခြင်း အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ် သည်။
ယင်းလှူဒါန်းမှုကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံး၏ အစီအစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ တင်ဆောင်လာသော အထူးလေယာဉ်သည် ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာရာ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရော့ မာရုယာမ က လွှဲပြောင်းပေးအပ်ရာ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာနမှ စာမျက်နှာ ၇ ကော်လံ ၁ သို့ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ခိုင်တို့က လက်ခံရယူသည်။
လှူဒါန်းမှုနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက “ကိုဗစ်-၁၉ ရောဂါဟာ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ပွားနေတာပါ။ မြန်မာ နိုင်ငံအနေနဲ့ အဲဒီရောဂါကို အောင်မြင် စွာ ထိန်းချုပ်နိုင်တာကိုတွေ့ရပါတယ်။ အဲဒီအပေါ်ကို ဂျပန်အစိုးရအနေနဲ့ လည်း ချီးကျူးလေးစားနေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့သူတွေ ရှိတဲ့အတွက် ဆေးဝါးကဏ္ဍနဲ့ ပတ်သက်ပြီး အခုလို ထောက်ပံ့ကူညီ ရခြင်းဖြစ်ပါတယ်။ ဒီနေ့ရောက်ရှိလာ တာကတော့ ဂျပန်နိုင်ငံကထုတ်လုပ်တဲ့ ဆေးဝါးနဲ့ အထောက်အကူပြု ပစ္စည်းတွေပါ။ ဆက်လက်ပြီးတော့ အခုလို ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ရောက်ရှိလာဦးမှာဖြစ်ပါတယ်” ဟု ပြောသည်။
ယနေ့လှူဒါန်းမှုမှာ ဂျပန်ယန်း ၉ ဒသမ ၃ သန်း တန်ဖိုးရှိ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူ ပြုပစ္စည်းများဖြစ်ပြီး ဂျပန်နိုင်ငံအစိုးရ အနေဖြင့် မြန်မာနိုင်ငံ အစိုးရထံသို့ စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက် မှုစီမံချက်အဖြစ် ဂျပန်ယန်း နှစ်ဘီလီယံ တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေး အတွက် လိုအပ်သောဆေးဝါးနှင့် အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ကူညီမှု အစီအစဉ်၏ အစိတ် အပိုင်းတစ်ရပ်အနေဖြင့် ပထမဆုံး အကြိမ် ရောက်ရှိလာခြင်းဖြစ်သည်။
ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက “ဒီနေ့ ထောက်ပံ့တဲ့ ပစ္စည်းတွေထဲမှာ ICU မှာသုံးတဲ့၊ အမျိုးအစားကောင်းတဲ့ ခုတင်တွေ၊ ချွဲစုပ်စက် စတဲ့ပစ္စည်း တွေပါဝင်ပါတယ်။ ကျွန်တော်တို့နိုင်ငံ မှာ ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်ပေမယ့် အိမ်နီးချင်းနိုင်ငံတွေမှာ တွေ့ကြုံနေ ကြရတဲ့ ဒုတိယလှိုင်းဆိုတာမျိုးကို ပြင်ဆင်တဲ့ အနေအထားပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းမှာ လိုအပ်နေ တဲ့ပစ္စည်းတွေကို အခုလို ထောက်ပံ့ ကူညီတဲ့အတွက် ဂျပန်နိုင်ငံ အစိုးရနဲ့ ပြည်သူတွေကို အထူးပဲ ကျေးဇူး တင်ပါတယ်”ဟု ပြောသည်။
အလားတူ ဂျပန်နိုင်ငံအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီအချိန်ကာလ တွင် တုပ်ကွေးရောဂါ သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တုပ်ကွေး ရောဂါ ရှာဖွေရေးနှင့် အဆင့်မြှင့်တင် ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာလ တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှာဖွေနိုင်ရေး အတွက် ဓာတ်ခွဲခန်း အဆင့်မြှင့်တင် ခြင်း၊ ဓာတ်ခွဲရှာဖွေမှုပြုလုပ်ရာတွင် အဓိကလိုအပ်သည့် ဆေးရည်များ ရရှိ ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေး လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ ကြောင်း၊ ထို့အပြင် JICA အနေဖြင့် လည်း ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ဆောင်ရွက်ရေးအတွက် ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ခိုင်ထံမှ သိရသည်။
သတင်း-ဇော်ကြီး
ဓာတ်ပုံ-ဖေဇော်