Skip to main content

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက်ဆရာတော် Ven.Qianze က မြန်မာနိုင်ငံရှိစာသင်သား သံဃာ/သီလရှင်များနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ လှူဒါန်းသည့်အလှူငွေ လွှဲပြောင်းပေးအပ်

နေပြည်တော် ဇွန် ၂၂

မြန်မာနိုင်ငံရှိစာသင်တိုက်များမှ စာသင်သားသံဃာ/ သီလရှင်များနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ကျောင်းသားကျောင်းသူများအတွက် စာရေးကိရိယာများပေးလှူရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက်ဆရာတော် Ven. Qianze က လှူဒါန်းသည့် အလှူငွေများအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ် (၃၁) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ချီးရှားကျောင်းတိုက်ဆရာတော် Ven. Qianze က မြန်မာနိုင်ငံရှိ စာသင်သားသံဃာ/ သီလရှင်များနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ကျောင်းသားကျောင်းသူများအတွက် အလှူငွေ ယွမ် ၈၀၀၀ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးဒေါ်နုမြဇံက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ချီးရှားကျောင်းတိုက် ဆရာတော် Ven. Qianze ကိုယ်စား ဒုတိယဝန်ကြီးကျော်မျိုးထွဋ်က အလှူငွေများကိုလွှဲပြောင်းပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီးဒေါ်နုမြဇံကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

သတင်းစဉ်