Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် (၁၂)ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးတက်ရောက်ရန် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့သို့ ရောက်ရှိ

နေပြည်တော် ဇွန် ၂၁

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် (၁၂)ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ရန် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့သို့ ဇွန် ၂၁ ရက်တွင် ရောက်ရှိသည်။

နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ဘရူနိုင်းနည်းပညာတက္ကသိုလ် (Universiti Technologi Brunei – UTB) ၌ ယင်းတက္ကသိုလ်၏ Vice-chair Dr. Hajah Ena က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ သင်ကြားသင်ယူမှုစနစ်များနှင့် သုတေသနလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပြီး တက္ကသိုလ် ပတ်ဝန်းကျင်၊ စာသင်ခန်း၊ စာကြည့်တိုက်၊ ဓာတ်ခွဲခန်းများ၊ အလုပ်ရုံများနှင့် သုတေသနခန်းများကို လိုက်လံရှင်းလင်းပြသသည်။

ယင်းနောက် ဘရူနိုင်းနည်းပညာတက္ကသိုလ်နှင့် မြန်မာနိုင်ငံမှ နည်းပညာတက္ကသိုလ်များ သင်ကြားသင်ယူမှုနှင့် သုတေသနပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးကြသည်။

ညနေပိုင်းတွင် (၁၂) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ပို့ဆောင်ရေးနှင့် သတင်းအချက်အလက် ဆက်သွယ်ရေးဝန်ကြီး H.E. Pengiran Dato Seri Setia Shamhary Mustapha က တည်ခင်းဧည့်ခံသော  ဂုဏ်ပြုညစာ စားပွဲသို့ အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပြီး လက်ဆောင်ပစ္စည်းများ ဖလှယ်ပေးအပ်ကြသည်။

ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်တွင် လိုက်ပါလာသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် (၈၃) ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြပြီး အာဆီယံဒေသတွင်း သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ သုတသနများ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများအား ညှိနှိုင်းဆွေးနွေးကာ (၁၂) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးသို့ ဆက်လက်တင်ပြအတည်ပြုနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

သတင်းစဉ်