နေပြည်တော် ဇွန် ၆
ဧရာဝတီမြစ်၏ ရေအရင်းအမြစ်ကို အသုံးပြုပြီး စိုက်ပျိုးရေပေးဝေရေးနှင့် မြစ်ကြောင်းသွားလာမှု ပိုမိုမြန်ဆန်စေရေးတို့အတွက် ဧရာဝတီမြစ်ကြောင်း ဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိလျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီနာယကဦးမော်သာထွေး၊ ဥက္ကဋ္ဌဦးစန်းဝေနှင့်ကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီမြစ်၏ရေအရင်းအမြစ်ကိုအသုံးပြု၍ စိုက်ပျိုးရေရရှိရေးနှင့် မြစ်ကြောင်းသွားလာမှုပိုမို လွယ်ကူလျင်မြန်စေရေးတို့အတွက် ဧရာဝတီ မြစ်ကြောင်းဆိုင်ရာကို လေ့လာထားရှိမှုများအရ ရေလမ်းကြောင်းသွားလာမှုအခြေအနေ၊ ရေမျက်နှာပြင်အနိမ့်အမြင့်ကွာခြားမှု၊ ရေအတိမ်အနက်၊ ရေစီးနှုန်း၊ မြစ်ရေထုထည်စီးနှုန်း၊ သဲနုန်းပို့ချမှုနှင့် လျှောစောက်ပြေပြစ်မှုအခြေအနေတို့နှင့်ပတ်သက်၍ နည်းပညာဆိုင်ရာများကို တက်ရောက်လာကြသည့် ပညာရှင်များကအကြံပြုဆွေးနွေးပေးရန် ပြောကြား သည်။
ထို့နောက် တက်ရောက်လာကြသူများက ဧရာဝတီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ် သက်ရောက်နိုင်မည့်အခြေအနေနှင့် နိုင်ငံတကာအတွေ့အကြုံရှိသည့် အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်နှင့် အနီးပတ်ဝန်းကျင်တွင် ပြတ်ရွေ့ရှင်များတည်ရှိသောကြောင့် မြေငလျင်ဆိုင်ရာလေ့လာ ဆောင်ရွက်ရန်လိုအပ်မှု၊ ဧရာဝတီမြစ်သည် မြစ်ကြမ်းပြင် လျှောစောက်ပြေပြစ်ပြီး နှစ်စဉ်သဲနုန်းအနည် ပို့ချမှုများသောကြောင့် သဲသောင်ထွန်းမှုများဖြစ်ပေါ်သဖြင့် မြစ်ကြောင်းထိန်းသိမ်းမှုလုပ်ငန်းနှင့် သဲနုန်းအနည်ပို့ချမှုများကို စနစ်တကျစီမံခန့်ခွဲရန်အတွက် အသေးစိတ်လေ့လာဆောင်ရွက်ရန်လိုအပ်မှု၊ သဲနုန်းပို့ချမှုကြောင့် မြစ်ကြမ်းပြင်အထူမြင့်တက်လာပါက ရေမျက်နှာပြင်မြင့်တက်လာမည်ဖြစ်ပြီး မြစ်ကြမ်းပြင် လျှောစောက်ပြေပြစ်သည့်အတွက် ရေအမြင့်တစ်ပေမြင့်တက်လျှင် မြစ်အထက်ပိုင်း၌ ရေကြောင်းအလျားသုံးမိုင်ခန့် ရေထောက်နိုင်ခြေရှိမှု၊ ရေမျက်နှာပြင်မြင့်တက်သဖြင့် ရေလွှမ်းဧရိယာ ဖြစ်ပေါ်နိုင်မည့် အခြေအနေများလည်းရှိနိုင်ပါသဖြင့် အဆိုပါအခြေအနေများကို ပြေလည်နိုင်စေမည့်နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်စူးစမ်းလေ့လာမှုများ ဆောင်ရွက်သွားရန်လိုအပ်မှု၊ သဘာဝပတ်ဝန်းကျင် နှင့်လူမှုပတ်ဝန်းကျင်တို့အပေါ် အသေးစိတ်လေ့လာ ဆောင်ရွက်သွားရန်လိုအပ်မှု၊ ထိုသို့ ဆောင်ရွက်သွားရာတွင် ကွင်းဆင်းလေ့လာခြင်း (Reconnaissance Study) ၊ အကြိုဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း (Pre-feasibility Study) ၊ ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်း (Feasibility Study)၊ အသေးစိတ်ဒီဇိုင်း ပုံစံတွက်ချက်ခြင်း (Detail Design)၊ စီမံကိန်း ခန့်မှန်းကုန်ကျစရိတ်တွက်ချက်ခြင်း (Project Cost Estimation)၊ ဘဏ္ဍာရေးဆိုင်ရာဆန်းစစ်ချက် (Financial Analysis) နှင့် စီးပွားရေးဆိုင်ရာ တွက်ခြေကိုက်မှုများကို အဆင့်ဆင့်လေ့လာ ဆောင်ရွက်သွားရန်လိုအပ်မှုနှင့် ဧရာဝတီမြစ်ကြောင်းကို ထိန်းသိမ်းမှုဆောင်ရွက်မှသာလျှင် မြစ်ဝကျွန်းပေါ်ဒေသ ရေငန်ဝင်ရောက်မှုနှင့် စိုက်ပျိုးမြေဧရိယာလျော့နည်းလာမှုတို့ကို ကာကွယ်သွားနိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်