နေပြည်တော် ဇွန် ၅
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဒေါက်တာ မာလာအောင်သည် မွန်ဂိုလီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများ အသင်းကြီး (AACC) ၏ ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားသို့ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် online မှတစ်ဆင့် ပါဝင်တက်ရောက်သည်။
ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးသို့ AACC အဖွဲ့ဝင် နိုင်ငံပေါင်း ၂၀ မှ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
စာတမ်းဖတ်ပွဲကျင်းပ
ယင်းနောက် ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးနှင့်အတူ Protection of Human Rights within the Constitutional Review ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲအား ကျင်းပရာ မြန်မာနိုင်ငံအပါအဝင် မွန်ဂိုလီးယားနိုင်ငံ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တူကီယဲနိုင်ငံတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများမှ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက စာတမ်းများ ဖတ်ကြားတင်ပြကြသည်။
တင်ပြဆွေးနွေး
အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဒေါက်တာမာလာအောင်က The Improvement of the Protec-tion of Human Rights within Constitutional System in Myanmar ခေါင်းစဉ်ဖြင့် စာတမ်းကို ဖတ်ကြားတင်ပြရာ “မြန်မာ နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြကြောင်းနှင့် ထိုတိုင်းရင်းသား လူမျိုးအားလုံးအား မည်သည့် နည်းနှင့်မျှ ခွဲခြားမှုမရှိစေရဘဲ နိုင်ငံသားများ၏ အခြေခံအခွင့် အရေးများအားလုံးကို အခြေခံဥပဒေဖြင့် တန်းတူအာမခံပေးထားကြောင်း၊ မြန်မာနိုင်ငံသည် လူ့အခွင့်အရေးဆိုင်ရာ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးထားကြောင်း၊ နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများအား အခြေခံဥပဒေနှင့်အညီ အကာအကွယ်ပေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဆင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တိုင်လျှောက်သည့် နည်းလမ်းဖြင့် အကာအကွယ်ပေးထားကြောင်း၊ ထို့ပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံသို့ စာချွန်တော် လျှောက်ထားခြင်းနည်းလမ်းဖြင့်လည်း အကာအကွယ်ပေးထားကြောင်း” တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအလိုက်စာတမ်းများကို ဆက်လက်ဖတ်ကြား တင်ပြကြကာ အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်