Skip to main content

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၅/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပ

ရန်ကုန် ဇွန် ၃

မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၅/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ဒုတိယ ဝန်ကြီးက ကော်မရှင်အနေဖြင့် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် အစုရှယ်ယာဈေးကွက် သာမက ငွေချေးစာချုပ်ဖွံ့ဖြိုး တိုးတက်ရေး ကိုလည်း အလေးပေးဆောင်ရွက် လျက်ရှိရာ ငွေချေးစာချုပ်ဆင့်ပွား ဈေးကွက် (Secondary Bond Market) တွင် ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများက အစိုးရ ငွေတိုက်စာချုပ် (Government Bond) နှင့် အစိုးရငွေတိုက် လက်မှတ် (Government Bill) များကို မြန်မာနိုင်ငံတော် ဗဟို ဘဏ်နှင့် ငွေတိုက်ဦးစီးဌာနတို့က ပြုလုပ်သော ပထမဈေးကွက် (Primary Market Option) တွင် လေလံဆွဲဝယ်ယူပြီး တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူများ (Individual Investors)နှင့် အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူများ (Institutional Investors) ကို ဝယ်ယူရောင်းချ နိုင်သည့် ဒုတိယဈေးကွက် (Secondary Market) ကိုလည်း ဖော်ဆောင်လျက်ရှိကြောင်း။

အရင်းအနှီး ဈေးကွက်သည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုအတွက် အဓိကမောင်းနှင်အား တစ်ခုဖြစ်ပြီး အရင်းအနှီးလိုအပ် သည့် စီးပွားရေးလုပ်ငန်းကြီးများ နှင့် ရင်းနှီးမြှုပ်နှံသူများ အကြား ပေါင်းကူးဆက်သွယ်ပေးခြင်းဖြစ် ကြောင်း၊ အရင်းအနှီးဈေးကွက် ကို ကောင်းစွာအသုံးချနိုင်ပါက စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် လိုအပ်သည့် အရင်းအနှီးများကို အရင်းအနှီးဈေးကွက်မှ ရယူနိုင် သကဲ့သို့ ပြည်သူလူထုအနေဖြင့် မိမိတို့၏ စုဆောင်းငွေများကို အရင်းအနှီးဈေးကွက်တွင် ရင်းနှီး မြှုပ်နှံခြင်းဖြင့် အကျိုးကျေးဇူး များ ရရှိလာနိုင် မည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ဈေးကွက် ဆိုင်ရာ အသိအမြင်ပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ ကော်မရှင်သည် ဥပဒေ၊ နည်း ဥပဒေ၊ အမိန့်ညွှန်ကြားချက်များ နှင့်အညီ ဈေးကွက်ကို နေ့စဉ် စောင့်ကြည့်ပြီး ကြပ်မတ်ကွပ်ကဲ လျက်ရှိသည့်အပြင် ရင်းနှီးမြှုပ်နှံ သူများကိုလည်း ဥပဒေနှင့်အညီ အကာအကွယ် ပေးမှုများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် အတွင်း ရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်းနှင့် ရန်ကုန် စတော့အိပ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီ ခုနစ်ခု၏ ရှယ်ယာများ ကို နေ့စဉ်ရောင်းဝယ်လျက်ရှိရာ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အထိ ရင်းနှီးမြှုပ်နှံသူဦးရေ ၄၅၂၈၄ ဦး ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း စာရင်းဝင်ကုမ္ပဏီ ခုနစ်ခု ၏ ရှယ်ယာစုစုပေါင်း ၁ ဒသမ ၇၅ သန်း၊ တန်ဖိုး ကျပ် ၇ ဒသမ ၅ ဘီလီယံ အရောင်းအဝယ်ဖြစ်ခဲ့ကာ ဈေးကွက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုး မှာ ကျပ် ၆၄၃ ဒသမ ၄၇ ဘီလီယံ ရှိကြောင်း သိရသည်။

 သတင်းစဉ်