Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် မြိတ်ခရိုင်၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့် ဒေသခံများအားတွေ့ဆုံ

မြိတ် ဇွန် ၃

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ဇွန် ၂ ရက်က ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်မြို့ Hotel Grand Jade အစည်းအဝေးခန်းမ၌ မြိတ်ခရိုင် ခရီးစဉ်ဒေသအတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကအသင်းဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်နွှယ်လုပ်ကိုင် ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များနှင့် ဒေသခံများကို တွေ့ဆုံသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်း နယ်ပယ်တွင် လုပ်ကိုင်နေကြသည့် ဝန်ထမ်းများကို လုပ်ငန်းကျွမ်းကျင်သည့် ဝန်ထမ်းများ ဖြစ်လာစေရေး လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ ပြည်တွင်း ခရီးသွားလုပ်ငန်းအပြင် ပြည်ပခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းရှင်များ၏ လုပ်ငန်းများ ဆောင်ရွက်မှုအပိုင်းတွင် အဆင်ပြေမှုရှိစေရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းပြီးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း ခရီးသွား ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က တိုင်းဒေသကြီးအနေဖြင့် ခရိုင်အလိုက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို အလေးထားဆောင်ရွက်နေကြောင်း၊ မြိတ်ခရိုင်အနေဖြင့် ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း အခြေခံကောင်းများရှိပြီး လုပ်ငန်းများ အောင်မြင်စေရေးအတွက် ကျွန်းများတွင် ခရီးသွားဆွဲဆောင်မှုနှင့် ဝန်ဆောင်မှုများ စနစ်တကျဆောင်ရွက်နိုင်ပါက ယခုထက်ပိုမို အောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တွေ့ဆုံပွဲ သို့တက်ရောက်လာကြသူများက မြိတ်ခရိုင်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျွန်းစုမြို့နယ် ပထက်ကျေးရွာရှိ အထက (ပထက်) ကျောင်းသို့ရောက်ရှိကြပြီး စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှု၊ ပန်းချီ အနုပညာခန်း၊ ကွန်ပျူတာအခန်း၊ Language Lab ခန်း၊ သိပ္ပံ လက်တွေ့ခန်းများကို လှည့်လည် ကြည့်ရှုပြီး မူကြို၊ KG ၊ Grade-1 ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ မူလတန်း ကလေးငယ်များအတွက် ကျောင်းသုံး ဗလာစာအုပ်နှင့် စာရေးကိရိ ယာများ၊ အလယ်တန်းနှင့်အထက် တန်း ကျောင်းသား ကျောင်းသူများအတွက် ထီးနှင့် ဘောပင်များ ကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ကြသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပြည်ဖြိုး ထွန်းအင်တာနေရှင်နယ် ကုမ္ပဏီ လီမိတက်၏ ပထက်ကျွန်းပေါ်ရှိ ခေတ်မီ ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းသို့ရောက်ရှိ၍ ရေငန်ပုစွန် များ မွေးမြူထားရှိမှု၊ ရေငန်ပုစွန်များကို ပြုတ်ခြောက်အေးခဲစက်ရုံတွင် ကုန်ချောထုတ်လုပ်နေမှု၊တန် ၁၀၀၀ ကျအအေးခန်းစက်ရုံတွင် ရေထွက်ကုန်ပစ္စည်းများကုန်ချော ထုတ်လုပ်နေမှုနှင့် ရေငန်ပုစွန်သားပေါက်မွေးမြူထားရှိမှုများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်