နေပြည်တော်၊ ဇွန် ၃
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့်ဒေသများတွင် လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပုဏ္ဏားကျွန်းမြို့၌ရောက်ရှိအခြေပြု လျက်ရှိသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များသည် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ အခြေခံပညာ မူလတန်းလွန် ကျောင်းအတွင်း၌ အမှိုက်များရှင်းလင်းပေးခြင်းနှင့် လဲကျနေသော သစ်ပင်၊ သစ်ကိုင်း ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ စစ်တွေမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ရွာသစ်ကေကျေးရွာအနီး၌ လမ်းဘေး ဘယ်/ညာမှ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အား ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် မောင်တောမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ မောင်တောမြို့ရှိ အများပြည်သူ အသုံးပြုလျက်ရှိသည့် ရေကန်ကြီးအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် သီဟိုအေးကျေးရွာ၊ အင်းဒင်ကျေးရွာနှင့် မြိုရုကျေးရွာများရှိ ဒေသခံ ပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် သောက်သုံးရေ ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။
၎င်းနောက် ကျောက်တော်မြို့နယ်သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များသည် ဆေးကုသရေးအဖွဲ့များ နှင့်အတူ ပူးပေါင်း၍ ခေါင်းတုတ်ကျေးရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံပြည် သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းနောက် ကျောက်ဖြူမြို့နယ်သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဌာနဆိုင်ရာဝန်ထမ်းများ နှင့်အတူ ပူးပေါင်း၍ ကျောက်ဖြူမြို့နယ်၊ တိုးချဲ့ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ သစ်ပင်၊ သစ်ကိုင်းများ၊ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ ရသေ့တောင်မြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ရသေ့တောင်မြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ဖြန့်ဝေပေးလျက်ရှိသည်။
အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့်ဆေးကုသရေး အဖွဲ့များနှင့် ပူးပေါင်း၍ ဘူးသီးတောင်မြို့၊ ရွာမကျေးရွာရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။
ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကု သရေးအဖွဲ့ သည် စစ်တွေမြို့ နယ်မြေခံဆေးတပ်ရင်း၌ အခြေပြု၍ နယ်မြေခံ ကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။