Skip to main content

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန်

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟို ကော်မတီ၏ (၁၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ဆွေးနွေးကြသည်။

ဦးစွာ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးချခွင့်လျှောက်ထားသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ ဌာနဆိုင်ရာများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်း ဥပဒေများအရ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဗဟိုကော်မတီ၏ တာဝန်လုပ်ပိုင်ခွင့်နှင့်အညီ ခွင့်ပြုချထားပေးလျက်ရှိကြောင်း။

အဆိုပါလုပ်ကိုင်ခွင့် ချထားပေးနေမှုများအပေါ် လုပ်ကိုင်ခွင့်ရရှိသူများအနေဖြင့် ခွင့်ပြုခွင့်ချထားပေးသည့်လုပ်ငန်းများကို သတ်မှတ်နှစ်ကာလအတွင်း ပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအတွက် ကောက်ခံသည့် မြေခွန်တော်များမှာ တစ်ဧကလျှင် စိုက်ပျိုးရေးဖြစ်ပါက နှစ်ရှည်သီးနှံအတွက် ငွေကျပ် ၃၀၀၀၊ ဥယျာဉ်ခြံသီးနှံအတွက် ငွေကျပ် ၂၀၀၀၊ ရာသီ သီးနှံအတွက် ငွေကျပ် ၁၀၀၀ မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်၍ ငါး၊ ပုစွန်၊ ကဏန်းမွေးမြူပါက ငွေကျပ် ၃၀၀၀၊ အခြားတိရစ္ဆာန်မွေးမြူပါက ငွေကျပ် ၁၀၀၀၊ ဓာတ်သတ္တုအပါအဝင် အခြားလုပ်ငန်းများဆိုပါက ငွေကျပ် ၅၀၀၀ မျှသာဖြစ်၍ လက်ရှိကာလအခြေအနေ အရ များပြားခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အမှန်တကယ် လုပ်ငန်းဆောင်ရွက်သူများအတွက် အလွယ်တကူပေးဆောင်နိုင်သည့် ပမာဏမျှသာဖြစ် သတ်မှတ်မြေခွန်တော်ကို ကြွေးကျန်မရှိစေဘဲ အပြည့်အဝ ပေးသွင်းကြစေရန်နှင့် သတ်မှတ်စည်းကမ်းချက်များကို တိကျစွာလိုက်နာရန် လုပ်ကိုင်ခွင့် အသုံးပြုခွင့်ရရှိသူများနှင့် တွေ့ဆုံချိန်များ၌ သတိပေးပြောကြားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ဆွေးနွေးမည့် အကြောင်းအရာများကို တင်ပြရာအစည်းအဝေး တက်ရောက်လာကြသူများက လုပ်ငန်းအကြောင်း အရာတစ်ခုချင်းအပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြ သည်။

ယနေ့ကျင်းပသည့် ဗဟိုကော်မတီအစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ သဘောထားမှတ်ချက် ပြန်ကြားလာသည့် လုပ်ငန်းစာတွဲများ စိစစ်တင်ပြခြင်း၊ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိမှုများ အပေါ် စည်းကမ်းချက်နှင့်အညီ စစ်ဆေးဆောင်ရွက် နိုင်ရေးအတွက် အထူးအဖွဲ့ ဖွဲ့စည်းပေးရန်ကိစ္စရပ်၊ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာတင်သွင်းခြင်းကို စိစစ်ရန် သီးခြားအဖွဲ့များ ဖွဲ့စည်းပေးရန်ကိစ္စရပ်၊ ယခင် ဗဟိုအဖွဲ့- ဗဟို ကော်မတီတို့မှ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ရရှိထားသည့် မြေများကို မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီသို့ ပြန်လည်အပ်နှံနိုင်ရေးကိစ္စရပ်၊ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် အမိန့်စာမူရင်း ပျောက်ဆုံးသွားသဖြင့် ဒုတိယမူရင်း သို့မဟုတ် မိတ္တူမှန် ပြန်လည်ထုတ်ယူခွင့်ပြုပါရန် တင်ပြခြင်းကိစ္စရပ်၊ ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ်အထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများက မြန်မာ့စီးပွားရေးဘဏ်သို့ မြေခွန်ပေးသွင်းထားခြင်းကိစ္စရပ်နှင့် ကြွေးကျန်ဖြစ်နေသော အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များအနေဖြင့် အမြန်ဆုံးပေးသွင်းရေးအတွက် တိုက်တွန်းသတိပေးဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်