ရန်ကုန် ဇွန် ၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့တွင် သက်တော် (၇၉)နှစ်ပြည့် မွေးနေ့အလှူမင်္ဂလာ ကျင်းပသည့် အလိုတော်ပြည့် ဆရာတော်ကြီးအား ဖူးမြော်ပြီး အမျိုးသားစာပေဆုစိစစ်ရွေးချယ် ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆု ရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးကာ ညပိုင်းတွင် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်ပူးပေါင်းတင်ဆက်သည့် ရန်ပုံငွေပဒေသာဖျော်ဖြေပွဲသို့ တက်ရောက် ကြည့်ရှုအားပေးသည်။
အလှူငွေပေးအပ်လှူဒါန်း
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တာမွေမြို့နယ် ပင်ရွှေညောင်လမ်းရှိ အောင်မြေ ဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက်သို့ သွားရောက်ပြီး သက်တော်(၇၉)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူမင်္ဂလာကျင်းပသည့် အလိုတော်ပြည့် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တအရိယဝံသအား သွားရောက်ဖူးမြော်ကြည်ညိုပြီး မိုခါမုန်တိုင်းဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆောင်ရွက်မှုများ အပါအဝင် သာသနာရေးဆိုင်ရာများ လျှောက်ထား၍ ဩဝါဒခံယူကာ ဆရာတော်မွေးနေ့အထိမ်းအမှတ် အလှူငွေပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီနှင့် စာပေဗိမာန်စာမူဆုရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များနှင့် တွေ့ဆုံသည်။
စစ်မှန်သည့်စာပေဆု
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်အတွက် ရွေးချယ်မည့် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများအတွက် အဖွဲ့များဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းများမှာ ပဏာမအဆင့် ဆောင်ရွက်ပြီးစီးနေပြီကို တွေ့ရှိရကြောင်း၊ စစ်မှန်သည့် စာပေဆုနှင့် စာမူဆုများ ပေးနိုင်ရန် တက်ရောက်လာကြသည့် စာပေပညာရှင်ကြီးများက ဆွေးနွေးပေးစေလိုပါကြောင်း၊ ၂၀၂၂ ခုနှစ် အတွင်း ထုတ်ဝေသည့် စာအုပ်များမကျန်ရှိစေရန် ပညာရှင်ကြီးများ အနေဖြင့်လည်း စိစစ်ပြီး ဆောင်ရွက်စေလိုပါကြောင်း၊ စာပေနှင့်ပတ်သက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်က အထူးအလေးထား ဆောင်ရွက်နေပါကြောင်း၊ ပခုက္ကူဦးအုန်းဖေ တည်ထောင်သော စာပေဆုပေးပွဲကိုလည်း နေပြည်တော်တွင် ကျင်းပရန်ရှိပါကြောင်း။
စာပေနှင့် လူငယ်ကဏ္ဍ တိုးတက်ရေးအတွက် စာပေပညာ ရှင်ကြီးများက စာပေဖြင့် ဆောင်ရွက်သွားစေလိုပါကြောင်း၊ လူငယ်များအတွေးမှန်၊ အမြင်မှန် ရရှိစေမည့် စာအုပ်များကို ရေးသား ထုတ်ဝေစေလိုပါကြောင်း၊ ခေတ်နှင့် လျော်ညီသည့် စာပေများပေါ်ထွန်း လာစေလိုပါကြောင်း၊ စာပေကဏ္ဍကို ယခုထက်မက မြှင့်တင်နိုင်ရန် ဆောင်ရွက်စေလိုပါကြောင်း၊ ယခုနှစ်ပေးအပ်မည့် စာပေဆုများကို အတတ်နိုင်ဆုံး၊ အမှန်ကန်ဆုံး၊ စိစစ်ပြီးပေးသင့်ပေးထိုက် ရသင့်ရထိုက်သူများ ရစေလိုပါကြောင်း ပြောကြားသည်။
စာပေဆုများစိစစ်ရွေးချယ်
ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စာပေဆုများ စိစစ်ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဆရာဦးစိန်လှိုင် (သူရဇော်)၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာဦးအုန်းမောင် (မြင်မူမောင်နိုင်မိုး)နှင့် တက်ရောက်လာကြသူများက ဆုရွေးချယ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ရန်ပုံငွေပဒေသာကပွဲ
ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်သူများနှင့်အတူ ဒဂုံမြို့နယ်ရှိ အမျိုးသားကဇာတ်ရုံတွင် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရန်ပုံငွေပဒေသာကပွဲ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးသည်။
ညနေ ၆ နာရီတွင် ဖျော်ဖြေမှုအစီအစဉ်များကို စတင်ရာ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ဧည့်ခံတီးလုံးဖြင့် စတင်ဖွင့်လှစ်ပြီး ပဏာမအဖွင့်တီးလုံးဖြင့် ဆက်လက်ဧည့်ခံသည်။
ထို့နောက် ရခိုင်စည်တော်၊ အပျိုတော်လမိုင်း အကတို့ဖြင့် ဖျော်ဖြေပြီး ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များ ဖြစ်ကြသည့် ရန်အောင်၊ ရဲအောင်၊ နေထက် လင်း၊ ကျော်ကျော်၊ ဘုန်းလျှံ၊ မေသန်းနု၊ မေသဉ္ဇာဦး၊ ခိုင်နှင်းဝေ၊ ဆောင်းအိန္ဒြေထွန်း၊ ဆုမြတ်နိုးဦး၊ ရွှေမန်းချမ်းသာ၊ ဝင်းနောင်၊ ဟန်ဇာမိုးဝင်း၊ စွမ်းဇာနည်၊ဇံဟိန်း၊ တခိုင်လုံးရွှေအေးအေးမြင့်၊ နန်းခင်မွှေး၊ ချယ်ရီသင်း၊ ငြိမ်းချမ်းခိုင်၊ ရေကြည်ချမ်းမြ၊ မြင့်မိုရ်သွန်းခ၊ ထက်ထက်စိုးစံ၊ နှင်းထက်ရွှေရည်၊ စိုးယုနန္ဒာ၊ ဖြိုးသဇင်၊ အောင်ကိုကို၊ ချစ်ကိုကို၊ မျိုးခန့်မောင်မောင်၊ အောင်ထူးစံနှင့် မြတ်မင်းခေါင်တို့က မြူးကြွလှပသံစဉ်များဖြင့် သီဆိုဖျော်ဖြေကြသည်။
သီဆိုဖျော်ဖြေ
ဆက်လက်၍ တေးသံသာကဏ္ဍတွင် မြန်မာနိုင်ငံဂီတအစည်း အရုံးမှ ပူစူး၊ ဖြိုးမြတ်အောင်၊ ခင်မောင်ထူးတို့ကလည်းကောင်း၊ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများ ဖြစ်သည့် တိမ်လွှာမို့မို့လွင်၊ ကျောက်ခဲနှင့် တစ်ပြည်သူမရွှေထား တေးသီချင်းတို့ကို သာထက်၊ ရန်အောင်၊ ရဲအောင်တို့ ကလည်းကောင်း သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် ဟာသပညာရှင် များအစည်းအရုံး ဦးငြိမ်းချမ်းနှင့်အဖွဲ့က ဟာသရွှင်ပြုံးစေသည့် အစီအစဉ်ဖြင့်လည်းကောင်း၊ ပတ္တမြားဒေဝီ စောမဲကျီ၏ ရခိုင်တေးသီချင်းများဖြစ်သည့် စိမ်းလဲ့လဲ့၊ သရုပ်ဆောင် ဘုန်းလျှံ၊ အာရိယန်နှင့် ဟီလာရီစိုးတို့ကလည်းကောင်း သီဆိုဖျော်ဖြေကြသည်။
ထို့နောက် မြန်မာနိုင်ငံသဘင် အစည်းအရုံးမှ ရွှေမန်းသူ မြင့်မြင့်ခင်၊ ဦးမိုးဒီ၊ တိမ်ညွန့်၊ ဦးချစ် စရာနှင့် ဦးချိုတူးတို့က မြန်မာ့အငြိမ့်သဘင် ရေစီးကြောင်း တေးအော်ပရာဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ မီးနိုနှင့်ရဲရင့်အောင်တို့က တေးသံသာကဏ္ဍဖြင့် လည်းကောင်း၊ ကိုမြင့်(သမန်းကျား)အဖွဲ့က တေးသရုပ်ဖော်ဖြင့်လည်းကောင်း၊ မီးခွက်စောင့်ကျွန်း ပြဇာတ်တွင် ဗေဒါ၊ ရဲလေးမနှင့်အဖွဲ့၊ ချစ်စု၊ မိုးသုခနှင့် ဝေယံဟိန်းတို့ကလည်းကောင်း၊ တေးသံသာဖျော်ဖြေမှုတွင် နီနီခင်ဇော်နှင့် နေမင်းအိမ် တို့ကလည်းကောင်း ဖျော်ဖြေကြပြီး ယနေ့ရန်ပုံငွေဖျော်ဖြေပွဲကြီး၏ အပိတ်ဖျော်ဖြေမှုအဖြစ် ဒါရိုက်တာ ကျော်ဇောဟိန်း(အတွေး ပုံရိပ်)၏ “ကူညီပေးကြပါ” ပြဇာတ်အား ရုပ်ရှင်၊ ဂီတ၊ သဘင် တို့စုပေါင်းအားဖြင့် အားပါးတရ ဖျော်ဖြေတင်ဆက်ကြသည်။
အလှူငွေများထည့်ဝင်
မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ရန်ပုံငွေပဒေသာ ကပွဲကြီးဖျော်ဖြေပွဲကြီးတွင် သဒ္ဓါတရားထက်သန်ကြသည့် ပြည်သူများက အလှူငွေများ ထည့်ဝင်လှူဒါန်းကြပြီး ပဒေသာကဇာတ်ရုံ ဝင်ပေါက် ကြိုဆိုရေးနေရာအနီး၌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ မြန်မာ့ရုပ်ရှင် (ငွေ-ရွှေ-စိန်) ရတု သမိုင်းစဉ်များ၊ သမိုင်းဝင် ဒါရိုက်တာကြီးများ၏ အဆိုအမိန့်စာအုပ် များ၊ ရာပြည့်မဂ္ဂဇင်းနှင့် ပိုစတာ များ အရောင်းဌာနတွင်လည်း လာရောက်ကြည့်ရှု အားပေးကြသည့် ပြည်သူများက ဝယ်ယူအားပေးမှုနှင့်အတူ လေဘေး သင့်ပြည်သူများအတွက် အလှူငွေများ ထည့်ဝင်ကြသည်။
ရန်ပုံငွေ ပဒေသာကပွဲကို ယနေ့မှ ဇွန် ၄ ရက်အထိ စည်ကားသိုက်မြိုက်စွာဖြင့် ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးဝင်မောင်နှမများက ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်