နေပြည်တော် ဇွန် ၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Mr. J.M.J.P Bandara အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်ဝင်ဗီဇာ အပြန်အလှန် ကင်းလွတ်ခွင့်ပြုမှု အခြေအနေ၊ ၂၀၀၉ ခုနှစ်က ဆောင်ရွက်ခဲ့သည့် မြန်မာ - သီရိလင်္ကာ နှစ်နိုင်ငံအကြား အပြန်အလှန်ဗီဇာ ကင်းလွတ်ခွင့်သဘောတူစာချုပ် (MoU) သက်တမ်းဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လူကုန်ကူးခံရမှုကြောင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် သီရိလင်္ကာနိုင်ငံသားများနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည့် နည်းလမ်းများ၊ သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူးသွားရောက်မည့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ဗီဇာလွယ်ကူ အဆင်ပြေစွာထုတ်ပေးနိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်