Skip to main content

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇွန် ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် တာဝန်ရှိသူများနှင့်အတူ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများနှင့် ကောလိပ်ကျောင်းများ၌ ကျောင်းများစတင်ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုတို့ကိုကြည့်ရှု၍ ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

အလားတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဘူးသီးတောင်မြို့၊ ဒပြုချောင်းကျေးရွာအုပ်စု၌ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး ကျေးရွာအုပ်စု (၅) စုမှ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား ထောက်ပံ့ ဖြန့်ဝေနေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး မီးရထားဆိပ် ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၏ဂိုဒေါင်၌ ထောက်ပံ့ပစ္စည်းထုတ်ပေးနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များမှာကြားခဲ့သည်။

ထို့အတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် အောင်သူဦးသည် တာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) ၏ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး အိပ်ဆောင်နှင့် စာသင်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

အလားတူ မာန်အောင်မြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် တာဝန်ရှိသူများနှင့်အတူ မာန်အောင်မြို့ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။