Skip to main content

စစ်တွေမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့ရှိ မုန်တိုင်းသင့်ပြည်သူများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော် မေ ၃၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိမုန်တိုင်းသင့်ပြည်သူများနှင့် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများထံသို့ တာဝန်ရှိသူများက ယနေ့တွင် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်(MLCA)နှင့် အလှူရှင်များမှ စုပေါင်းလှူဒါန်းမှုဖြင့် ချက်ပြုတ်ပေးပို့ လှူဒါန်းသည့် ဒံပေါက်ထမင်းဘူးများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လှူဒါန်းနေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပေးပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောကြားသည်။

ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက မြောက်ဦးမြို့ရှိ လူစည်းကားရာနေရာများ၌ ဒေသခံပြည်သူများအား ဒံပေါက်ထမင်းဘူးများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းကြသည်။

ထို့ပြင် ချက်ပြုတ်ပြင်ဆင် ပေးပို့လှူဒါန်းလျက်ရှိသည့် နေရာများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ပြင်ဆင်ထုပ်ပိုးရေး၊ ဆန်၊ ကုန်ခြောက်နှင့် ကုန်စိမ်းသီးနှံများ စနစ်တကျသိုလှောင်ထားရှိမှုများ၊ သောက်သုံးရေ အဆင်ပြေ စေရန်နှင့် လိုအပ်သည့်စားကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးရန်အတွက် စစ်တွေတပ်နယ်မှ မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသကြရာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။