နေပြည်တော် မေ ၃၁
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့်ဒေသများတွင် လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပုဏ္ဏားကျွန်းမြို့၌ရောက်ရှိအခြေပြု လျက်ရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ပုဏ္ဏားကျွန်းမြို့၊ စံပြစာကြည့်တိုက်၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ စစ်တွေမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် စစ်တွေမြို့နယ်၊ ရွာသစ်ကေကျေးရွာ၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် လမ်းဘေး ဘယ်/ညာမှ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ကျောက်တော်မြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကျောက်တော်မြို့၊ စိုက်ပျိုးရေးသိပ္ပံ၌ ကျောင်းသား၊ ကျောင်းသူများအား သောက်သုံးရေဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ မောင်တောမြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မောင်တောမြို့နယ်၊ ပတင်းကျေးရွာ၊ ကညင်တန်းကျေးရွာ၊ ဒုညောင်ပင်ကြီးကျေးရွာနှင့် ရသေ့တောင်မြို့နယ်၊ ဆင်ပိုက်ကျေးရွာတို့ရှိ လေဘေးသင့်ပြည်သူများအား သောက်သုံးရေများဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ကျောက်ဖြူမြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ မြောက်ဦးမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မြောက်ဦးမြို့ရှိ ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများထောက်ပံ့ပေးအပ်ပြီး မြို့တွင်းရှိ ခရီးသွားပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ် လှူဒါန်းခြင်းနှင့်လမ်းဘေး ဘယ်/ညာမှ လဲကျနေသောသစ်ပင်၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့နယ်မြေခံဆေးတပ်ရင်း၌အခြေပြု၍ နယ်မြေခံကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်းကာ ဒေသခံပြည်သူမျာအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။