Skip to main content

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက်ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ မေ ၃၀ ရက်တွင် ချင်းပြည်နယ်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ဝုန်ဆွန်းထန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် တာဝန်ရှိသူများ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က အဖွင့်အမှာစကားများ အသီးသီးပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက မုန်တိုင်းတိုက်ခတ်မှုကြောင့် ချင်းပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်တို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ယနေ့တွင် ကျောက်ဖြူမြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးလူအေးသည် တာဝန်ရှိသူများနှင့်အတူ ကျောက်ဖြူခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ မိုခါမုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သည့် ဆုံးရှုံးမှုတန်ဖိုးအားနောက်ဆုံး စာရင်းညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး ကျောက်ဖြူမြို့နယ်အတွင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးစာရင်းနှင့် လုပ်ဆောင်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အချိန်မီတင်ပြ သွားရန်လိုကြောင်း မှာကြားခဲ့သည်။

ထို့အတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဘူးသီးတောင်မြို့၊ မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၏ ဂိုဒေါင်၌ ထောက်ပံ့ပစ္စည်းများရောက်ရှိ သိုလှောင်ထားရှိမှုအခြေအနေများ၊ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ပညာရေးအဆောက်အဦများ၊ လူနေအိမ်အဆောက်အဦများ၊ ကျွဲ/ နွား သေဆုံးမှုစာရင်းများ၊ ကယ်ဆယ်ရေးပစ္စည်း ရောက်ရှိဖြန့်ဝေမှုအခြေအနေများနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး တွက်ချက်ရေးကော်မတီ (အင်ဂျင်နီယာအဖွဲ့)၏ တွက်ချက်တင်ပြမှုစာရင်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။

အလားတူ ချင်းပြည်နယ်၊ မတူပီမြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ခင်မောင်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ‌မတူပီမြို့ရှိလေဘေးသင့် ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ထို့အတူ မြောက်ဦးခရိုင်၊ မြေပုံမြို့သို့ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်ကျော်ကျော်စိုးသည် တာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည် ထူထောင်ရေးအဖွဲ့နှင့် အလှူရှင်များထောက်ပံ့သည့် စားရေရိက္ခာပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများ ခွဲဝေထောက်ပံ့ပေးမှုနှင့် ဖြန့်ဝေမှုများအား ပြည်သူများလက်ဝယ်သို့ မြန်ဆန်စွာရောက်ရှိရေး ရှင်းလင်းဆွေးနွေးပြီး လေဘေးသင့်ပြည်သူများအတွက် Family Kit ၁၅၀ ဘူးနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။