Skip to main content

(၃၇) ကြိမ်မြောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးအဖွဲ့ခေါင်းဆောင်များ အစည်းအဝေးကျင်းပ

နေပြည်တော် မေ ၃၀

(၃၇)ကြိမ်မြောက် အာဆီယံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးအဖွဲ့ခေါင်းဆောင်များအစည်းအဝေး (The 37th ASEAN Heads of Specialist Anti-Trafficking Units – HSU)ကို ယနေ့နံနက် ၈ နာရီခွဲတွင် ရုံးအမှတ် (၃၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ Video Conference ဖြင့် ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူးရဲမှူးချုပ် မြင့်ထူးဦးဆောင်သော ကိုယ်စားလှယ် (၄) ဦးအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးကို အစီအစဉ်(၁၀)ရပ်ဖြင့်ကျင်းပရာ သဘာပတိအဖြစ်ဆောင်ရွက်သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးအဖွဲ့ခေါင်းဆောင်ဖြစ်သော အင်ဒိုနီးရှားကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က အဖွင့်အမှာစကားပြောကြားပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်ထူးက မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးကြိုးပမ်းအားထုတ်မှုများကို ရှင်းလင်းဆွေးနွေးရာတွင် ပြောင်းလဲဖြစ်ပေါ်လာသည့် လူကုန်ကူးမှုပုံစံများ၊ အရေးပေါ်အခြေအနေများဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် နည်းပညာဆန်းသစ်ပြောင်းလဲလာမှုများကို ထည့်သွင်းစဉ်းစား ၍ မဟာဗျူဟာ(၃)ရပ်၊ နည်းဗျူဟာ(၄)ရပ်ဖြင့် လုပ်ငန်းကဏ္ဍ(၄)ရပ်ကိုချမှတ်ပြီး နှစ်စဉ်လုပ်ငန်း စီမံချက်များကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေးကို နိုင်ငံတော်၏မူဝါဒအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို တားမြစ်သည် (ပုဒ်မ ၃၅၈)” ဟု အတိအလင်းပြဋ္ဌာန်းထားကြောင်း၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဥပဒေကိုလည်း ၂၀၀၅ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့သည့်အပြင် ၂၀၂၂ ခုနှစ်မှာ ပိုမိုပြည့်စုံ ကောင်းမွန်အောင်ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ အဆိုပါဥပဒေသစ်တွင် ပြည့်တန်ဆာအဖြစ် အဓမ္မပြုလုပ်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာကိစ္စအဓမ္မပြုလုပ်စေခြင်း၊ အဓမ္မအလုပ်စေခိုင်းခြင်း သို့မဟုတ် အဓမ္မဝန်ဆောင်မှုပေးစေခြင်း၊ ကျွန်ပြုခြင်း သို့မဟုတ် ကျေးကျွန်ကဲ့သို့စေခိုင်းခြင်း၊ အဓမ္မလက်ထပ်စေခြင်း၊ အဓမ္မတောင်းရမ်းခိုင်းစေခြင်း၊ လိမ်လည်လှည့်ဖြား၍ ကလေးသူငယ်များအား မွေးစားခြင်း၊ ကိုယ်ဝန်အငှားဆောင်စေခြင်းစသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ပိုမိုရှင်းလင်းစွာ ပြဋ္ဌာန်း နိုင်ခဲ့ကြောင်း၊ ထို့အပြင်နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုပိုမိုကောင်းစေရန်အတွက် နိုင်ငံတကာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီသစ်တစ်ရပ်ကို ဖွဲ့စည်းရန်အတွက် ဥပဒေတွင်ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ၂၀၁၉ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ လူကုန်ကူးခံရသူများအား လွှဲပြောင်းညွှန်းပို့ခြင်းဆိုင်ရာ အမျိုးသားအဆင့် ယန္တရား/ လုပ်ငန်းစဉ်အဆင့်ဆင့် NRM ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် အတည်ပြု ရေးဆွဲလိုက်နာလျက်ရှိကြောင်း ဆွေးနွေးသည်။

ထို့နောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများက နိုင်ငံအလိုက် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များအားလည်းကောင်း၊ HSU လုပ်ငန်းစီမံချက် ၂၀၂၂ - ၂၀၂၃ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ HSU လုပ်ငန်းစီမံချက် ၂၀၂၃ - ၂၀၂၄ (မူကြမ်း)ကို အပြီးသတ်အတည်ပြုရေးနှင့် (၃၈)ကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အထူးအဖွဲ့ခေါင်းဆောင်များ အစည်းအဝေးကို လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရေးနှင့်စပ်လျဉ်း ၍လည်းကောင်း ဆွေးနွေးခဲ့ကြပြီး သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်