Skip to main content

အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ယူနိုင်ရေးအတွက် လိုအပ်သည့်အရင်းအနှီးများ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်

နေပြည်တော် မေ ၃၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဦးစီးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ရုံးနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ဝန်ထမ်းများ၊ သင်တန်းသား/ သင်တန်းသူများနှင့်တွေ့ဆုံ၍ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေး ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန်၊ သင်တန်းသား/ သင်တန်းသူများ သန့်ရှင်းသပ်ရပ်ပျော်ရွှင်စွာဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ယူနိုင် ရေး ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်ရန်နှင့် သင်တန်းအောင်မြင်ပြီးသူများအား မိမိတို့၏ အတတ်ပညာများဖြင့် ဆက်လက်ရပ်တည်နိုင်ရေး လိုအပ်သည့် အရင်းအနှီး၊ စက်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန် မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စု ဖောင်မှူးကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာမူလတန်းကျောင်း အလျား ၅၉ ပေ၊ အနံ ၂၄ ပေ၊ အမြင့် ၁၂ ပေ ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် မေ ၃၀ ရက် နံနက်ပိုင်းတွင် ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် မိုင်းရှေ့ကျေးရွာအုပ်စု ဟဲကယ်ကျေးရွာတွင် မိုးစပါးဧက ၂၀၀ စိုက်ပျိုးရန် ပံ့ပိုးငွေများ ထုတ်ပေးနိုင်ရေး သမဝါယမအသင်းသား တောင်သူ ၅၀ နှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ စိုက်ပျိုးမွေးမြူရေးအခြေခံထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော အရင်းအနှီး ရန်ပုံငွေများ ထုတ်ပေးခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက အဆိုပါရည်မှန်းချက်များ အောင်မြင်ရေး အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်နေပါကြောင်း၊ ယခုအခါ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်း မိုးစပါးဧက ၂၀၀ စိုက်ပျိုးရန်ပံ့ပိုးငွေများ ထုတ်ပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ငွေများ အစားတောင်သူများ လိုအပ်သည့်မျိုး၊ သွင်းအားစုဓာတ်မြေဩဇာများ ပံ့ပိုးပေးမည်ဖြစ်ပြီး စီမံကိန်းအောင်မြင်ရေးအတွက် သမဝါယမစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သမဝါယမအသင်းအဖွဲ့စနစ်ဆောင်ရွက်ခြင်းဖြင့် အကျိုးများစွာရရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်နည်းစနစ်များ မှန်ကန်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများ ထောက်ပံ့ပေးနိုင်ရေး ပူးပေါင်းချိတ်ဆက် ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ အထူးမှာကြားလိုသည်မှာ တောင်သူများအနေဖြင့် ချေးငွေများရယူကာ မိမိတို့၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင်ကြိုးစားပြီး မိသားစုဝင်ငွေတိုးပွားကာ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်ထံမှ ချေးယူထားသည့် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ရေးတို့အတွက် အလေးထားကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးက မိုးစပါးဧက ၂၀၀ စိုက်ပျိုးရေးဆောင်ရွက်မည့်လုပ်ငန်းအစီအမံများနှင့် သမဝါယမအသင်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားမှုအခြေအနေများကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စီမံကိန်းအောင်မြင်ရေး ပူးပေါင်းဆောင်ရွက်နေမှုနှင့်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများ ကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်