နေပြည်တော် မေ ၂၅
(၁၀) ကြိမ်မြောက် NEVSKY အပြည်ပြည်ဆိုင်ရာ ဂေဟဗေဒ ဆိုင်ရာညီလာခံကို မေ ၂၅ ရက်မှ ၂၆ ရက်အထိ ရုရှားနိုင်ငံမှ အိမ်ရှင် အဖြစ်လက်ခံ၍ Hybrid စနစ်ဖြင့် ကျင်းပလျက်ရှိရာ ယနေ့ညနေပိုင်းတွင် ကျင်းပသည့် အဆိုပါ ညီလာခံ၏ “ရေသည် အနာဂတ်၏ အဓိက အရင်းအမြစ်” ဟူသော စားပွဲဝိုင်းဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် နိုင်ငံနှင့်အဖွဲ့အစည်း ၂၁ ခုမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ မြို့တော်ဝန်များ၊ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံသည် ရေအရင်းအမြစ် ပေါကြွယ်ဝသော နိုင်ငံဖြစ်ပြီး အာရှရေချိုအရင်းအမြစ်၏ ၁၂ ရာခိုင်နှုန်း၊ အာဆီယံ ရေချိုအရင်းအမြစ်၏၁၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း၊ ယနေ့ခေတ် ရာသီဥတု ပြောင်းလဲမှုကြောင့် နိုင်ငံအသီးသီးတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ရေပြဿနာများကို ရင်ဆိုင်ကြုံတွေ့ နေရကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် ရေမူဝါဒ၊ မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်း ကျင်ရေးရာမူဝါဒနှင့် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒများ ချမှတ်ဆောင်ရွက် လျက်ရှိပြီး ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် ဘက်စုံရေအရင်း အမြစ် စီမံခန့်ခွဲမှုတို့အတွက် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီနှင့် အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီတို့ကို ဖွဲ့စည်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း။
ရေအရင်းအမြစ်များ ထိန်းသိမ်းနိုင်ရေးအတွက် သဘာဝစမ်းရေတွင်းများ၊ ရေထွက်များနှင့် ရေတိမ်ဒေသများ ထိန်းသိမ်းရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပလတ်စတစ်ညစ်ညမ်း မှုများသည် မြစ်ချောင်းများနှင့် အဏ္ဏဝါပင်လယ်ပြင်ရှိ ဇီဝမျိုးစုံ မျိုးကွဲများအပေါ် သက်ရောက်မှု ရှိပြီး အဏ္ဏဝါပလတ်စတစ် အမှိုက်များကို လျှော့ချနိုင်ရေး အတွက် အမျိုးသားအဆင့် ပလတ်စတစ် လုပ်ငန်းအစီအစဉ်ကို ရေးဆွဲလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဘက်စုံရေအရင်း အမြစ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံအသီးသီးမှ တက်ရောက်လာသော ကိုယ်စားလှယ်များက စီးပွားရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး၏ အခြေခံတစ်ခုဖြစ်သည့် ရေနှင့်ရေအရင်းအမြစ်များ စီမံခန့်ခွဲမှု၊ ရေအရည်အသွေးနှင့် သန့်စင်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး၊ ကမ်းရိုးတန်းခရီးသွားလုပ်ငန်း၊ ရေအရင်းအမြစ် အသုံးချမှုနှင့် ဆက်နွှယ်သည့် ဘဏ္ဍာငွေ ထောက်ပံ့မှု၊ ရေဂေဟစနစ်ဆိုင်ရာ အသိအမြင် မြှင့်တင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေး ကြကြောင်း သိရသည်။
သတင်းစဉ်