ဘာလီ မေ ၂၅
(၁၈) ကြိမ်မြောက် အာရှမီဒီယာ ထိပ်သီးညီလာခံ (18th Asia Media Summit) တက်ရောက် လျက်ရှိသည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာရှပစိဖိတ် ရုပ်သံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးရေးအဖွဲ့(AIBD) အဖွဲ့ဝင်နိုင်ငံများမှ ညီလာခံတက်ရောက်လျက်ရှိသည့် နိုင်ငံများမှ ပြန်ကြားရေးကဏ္ဍဆိုင်ရာ ဝန်ကြီးများနှင့် ကိုယ်စားလှယ်များနှင့်အတူ ယနေ့နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ ဘန်လီခရိုင် (Bangli Regency)၊ ကူဘူ (Kubu) မြို့မှ ပန်လီပူရမ် ကျေးရွာ ၊ Bamboo Forest နှင့် ကင်တန်မနီ (Kintamani) ကျေးရွာတို့သို့ သွားရောက်လေ့လာကြသည်။
ကြိုဆိုနှုတ်ဆက်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် လေ့လာရေးအဖွဲ့ဝင်များအား ပန်လီပူရမ်ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်၍ ကျေးရွာဆိုင်ရာ အချက်အလက်များအား ပြောကြားပြီး ကျေးရွာအတွင်း လိုက်လံရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးက ဒေသခံများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ရိုးရာယဉ်ကျေးမှုနှင့်အညီ နေထိုင်
အဆိုပါ ပန်လီပူရမ်ကျေးရွာတွင် လူဦးရေ ၁၂၈၀၊ အိမ်ခြေ ၇၈ လုံးရှိပြီး ဘာလီကျွန်းဒေသခံများ၏ ရိုးရာဓလေ့ထုံးစံများကို အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ပြီး နေထိုင်လုပ်ကိုင်မှုကြောင့် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားပြီး အများဆုံးလာရောက်သည့် ကျေးရွာတစ်ရွာ ဖြစ်ကြောင်း၊ ကျေးရွာရှိ နေအိမ်နှင့် အဆောက်အဦများကို ဘာလီကျွန်းရိုးရာပုံစံ ဆောက်လုပ်ထားကြပြီး ကျေးရွာသူ ကျေးရွာသားများမှာလည်း ဘာလီကျွန်း ရိုးရာယဉ်ကျေးမှုနှင့်အညီ နေထိုင်လုပ်ကိုင်လျက်ရှိကြကြောင်း၊ ကျေးရွာ၏ နေအိမ်တည်ဆောက်မှု ဗိသုကာပညာနှင့် မြေယာစီမံခန့်ခွဲမှုများအား နတ်ဘုရား၊ လူသားနှင့် သဘာဝပတ်ဝန်းကျင်တို့အကြား ဟန်ချက်ညီ ထိန်းညှိဆက်သွယ်ထားသည့် ဘာလီရိုးရာ သုံးနားညီ အယူအဆ (Tri Hita Karana) ကို ကျင့်သုံး ဆောင်ရွက်လျက်ရှိကြောင်း၊ ပန်လီပူရမ်ကျေးရွာသည် ကမ္ဘာပေါ်ရှိ အသန့်ရှင်းဆုံး ကျေးရွာ သုံးရွာတွင် ပါဝင်နေပြီး ကျေးရွာ၏ သန့်ရှင်းသပ်ရပ် သာယာလှပမှုကြောင့် ၂၀၁၇ ခုနှစ်တွင် အင်ဒို နီးရှားနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလည်ပတ် နေရာထူးချွန်ဆု (Indonesia Sustainable Tourism Award) အပါအဝင် ဆုပေါင်းများစွာ ရရှိထားကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် လေ့လာရေးအဖွဲ့သည် ပန်လီပူရမ်ကျေးရွာအနီးရှိ ဟူထန် ဝါးသစ်တော (Hutan Bambu Forest)သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထိန်းသိမ်းစောင့်ရှောက်
Hutan Bambu Forest ကို သဘာဝအတိုင်း ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ၁၉၉၅ ခုနှစ်မှစတင်၍ အင်ဒိုနီးရှားအစိုးရက အစီအမံနှင့် ရန်ပုံငွေများ သတ်မှတ်ခွင့်ပြုပေးခဲ့ရာ ပန်လီပူရမ် ကျေးရွာလူထုက ဝါးသစ်တော ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို အစိုးရအထောက်အပံ့ဖြင့် ထိန်းသိမ်းစောင့်ရှောက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် လေ့လာရေးအဖွဲ့သည် ဘာလီကျွန်း ကင်တန်မနီကျေးရွာရှိ BAS De ATAYANA (I I Love BAS Agrotourism) ကော်ဖီခြံသို့ သွားရောက်ပြီး ကြောင်နံ့သာ/ကြောင်ကတိုး အသုံးပြု၍ ကော်ဖီထုတ်လုပ်မှု လုပ်ငန်းစဉ်ကို ကြည့်ရှုလေ့လာကြသည်။
အဆိုပါ ပုဂ္ဂလိက ကော်ဖီခြံ မှာ ၁၀ ဧက ခန့်ရှိပြီး ကြောင်နံ့သာ/ ကြောင်ကတိုး (Civet Cat/ Kopi Luwak) ကောင်ရေ ၂၀ ခန့်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ ယင်းကြောင်နံ့သာ/ ကြောင်ကတိုးများက ကော်ဖီစေ့များကို စားသုံးပြီး စွန့်ပစ်လိုက်သော ကော်ဖီစေ့များကို ပြန်လည် သန့်စင်၍ ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ ဘာလီကျွန်းတွင် အလားတူ ကော်ဖီခြံများစွာရှိပြီး စုစုပေါင်း ဧက ၉၀၀ ခန့် လုပ်ကိုင်လျက်ရှိကြောင်း၊ ယင်းကော်ဖီ အမျိုးအစားသည် ကမ္ဘာ့ အကောင်းဆုံး ကော်ဖီများတွင် ပါဝင်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ၂၀၂၁- ၂၀၂၂ ခုနှစ်တွင် နိုင်ငံခြားသို့ ကော်ဖီတင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၁၂၆ သန်းခန့် ရရှိခဲ့ကြောင်း သိရသည်။
ကြိုးပမ်းဆောင်ရွက်
ကမ္ဘာ့လူဦးရေ စတုတ္ထအများ ဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ၂၀၄၅ ခုနှစ်တွင် ဖွံ့ဖြိုးပြီး နိုင်ငံအဖြစ်သို့ရောက်ရှိနိုင်ရန် ရည်မှန်းချက်ထားရှိပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လူဦးရေ ၄ ဒသမ ၅ သန်းကျော် နေထိုင်လျက်ရှိသည့် ဘာလီပြည်နယ်အနေဖြင့်လည်း ကိုဗစ်- ၁၉ ရောဂါ မဖြစ်ပွားမီကာလ အခြေအနေကဲ့သို့ ခရီးသွားလုပ်ငန်းများ ပြန်လည်တိုးတက် ဖွံ့ဖြိုးလာစေရေး စီမံကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်