Skip to main content

မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

အစိုးရအချင်းချင်းသာမက ပုဂ္ဂလိကလုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကြရမည်

နေပြည်တော် မေ ၂၅

မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ (စတုတ္ထအကြိမ် မြန်မာ (လားရှိုး) - တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေး ကုန်စည်ပြပွဲ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလှိုင်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ Jeng Phang နော်တောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းမြို့မြို့တော်ဝန်၊ မြန်မာ-တရုတ်နှစ်နိုင်ငံမှ ဌာနဆိုင်ရာများ ကုန်သည်လုပ်ငန်းရှင် အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ဝန်ထမ်းများက “သာစွမြန်မာ” သီချင်းဖြင့်လည်းကောင်း၊ တရုတ်ယဉ်ကျေးမှု အကအဖွဲ့မှ “up လင်ချန်း” သီချင်းဖြင့်လည်းကောင်း တင်ဆက်ကပြကြသည်။

အရေးပါသည့်မူဝါဒတစ်ရပ်အဖြစ် ချမှတ်

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက် နိုင်ငံများအကြားတွင် တရုတ်နိုင်ငံသည် အဓိကကုန်သွယ်ဖက်နိုင်ငံတစ်ခုအဖြစ် နှစ်စဉ်ရပ်တည်လျက်ရှိသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထမ်းဆောင်လျက်ရှိသည့် ယနေ့ကာလတွင် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုကောင်းမွန်လာခြင်း၊ ကိုဗစ် - ၁၉ ကပ်ရောဂါ ပပျောက်ရေးကို နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်နိုင်ခဲ့ခြင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များအရ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု၏အခန်း ကဏ္ဍသည် ယခင်ကာလများထက် ပိုမိုအရေးပါလာခြင်း စသည့်အခြေအနေကောင်းများကြောင့် တရုတ်-မြန်မာကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းများကို တွေ့မြင်နေရပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးကို ကုန်သွယ်မှု ကဏ္ဍ၏အရေးပါသည့်မူဝါဒတစ်ရပ်အဖြစ် ချမှတ် အကောင်အထည်ဖော်လျက်ရှိသည်ကို အသိပေးပြောကြားလိုပါကြောင်း။

ယနေ့ကျင်းပသည့် စတုတ္ထအကြိမ် မြန်မာ (နေပြည်တော်) - တရုတ်(လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲသည် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ခိုင်မာအားကောင်းမှု နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းပြည်သူများ၏ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို ထင်ဟပ်လျက်ရှိသည့် အခမ်းအနားတစ်ခုဖြစ်ပါကြောင်း။

နှစ်ဖက်ပူးပေါင်းဆောင်ရွက်

နှစ်နိုင်ငံကြား ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် အစိုးရအချင်းချင်းသာမက ပုဂ္ဂလိကလုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးတွင် မြန်မာနိုင်ငံက အဓိကတင်ပို့လျက်ရှိသည့် ထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံဈေးကွက်အတွင်း ကျယ်ပြန့် စွာတင်ပို့နိုင်ရေးသည် အရေးကြီးသည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်းသဘောတူညီချက်များကိုလည်း လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပြီး မြန်မာပို့ကုန်များ ဈေးကွက်ပိုမိုရရှိရေး အကန့်အသတ်များ၊ အတားအဆီးများ လျှော့ချပေးစေလိုကြောင်း၊ နှစ်ဖက်နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နယ်စပ်ဒေသများတွင် ဘဏ်လုပ်ငန်းစနစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ထောက်ပံ့ပို့ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်ရေးနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လွယ်ကူစေရေးတို့ကိုလည်း နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံမှ ပံ့ပိုးကူညီရန်ဆန္ဒရှိ

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E. Mr. Chen Hai က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ရေမြေတောတောင်ချင်း ဆက်စပ်ပြီး ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ရှေးပဝေသဏီကပင် စတင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် ယူနန်ပြည်နယ်၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး အကြီးဆုံးသွင်းကုန်အရင်းအမြစ်နှင့် ပို့ကုန်ဈေးကွက်ဖြစ်ပါကြောင်း၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် ပထဝီအနေအထား တစ်မူထူးခြားသည့် အားသာချက်နှင့် ခိုင်မာသည့်အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လာစေ ခြင်းသည် နှစ်ဦးနှစ်ဖက်တူညီသည့် မျှော်မှန်းချက်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်ပြည်သူများ၏ အခြေခံအကျိုး စီးပွားနှင့်ကိုက်ညီပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ အပြန်အလှန်သင်ယူလေ့လာမှု အားကောင်းစေရန်၊ ချစ်ခင်ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာစေရန် မြန်မာနိုင်ငံကို ထောက်ခံအားပေးရန်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီရန် ဆန္ဒရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်ကုန်စည်ပြပွဲ တစ်ခုဖြစ်သည်နှင့်အညီ မြန်မာ-တရုတ် ကုန်သည် လုပ်ငန်းရှင်များအနေဖြင့် ယခုကုန်စည်ပြပွဲ Platform ကို ထိရောက်စွာအသုံးပြုပြီး ဒေသစီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် လင်ချန်းမြို့ မြို့တော်ဝန် Mr. Du Jianhui က လင်ချန်းမြို့ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ကူညီလျက်ရှိသည့် မြန်မာ - တရုတ် နှစ်နိုင်ငံမှ မိတ်ဆွေများကို ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး၊ လင်ချန်းမြို့ မြို့တော်ဝန်၊ ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ယူနန်ပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌတို့က မြန်မာ (နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ (စတုတ္ထအကြိမ်မြောက် မြန်မာ(လားရှိုး)- တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေး ကုန်စည်ပြပွဲ)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ(နေပြည်တော်) - တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

လိုက်လံကြည့်ရှုအားပေး

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲတွင် ခင်းကျင်းပြသထားသည့် ပြခန်းများအား လိုက်လံကြည့်ရှုအားပေးသည်။

မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) ကုန်စည်ပြပွဲကို ၂၀၁၉ ခုနှစ်တွင် ရှမ်းပြည်နယ် လားရှိုးမြို့တွင်လည်းကောင်း၊ ဒုတိယအကြိမ် ကုန်စည်ပြပွဲကို ၂၀၂၁ ခုနှစ်တွင်လည်းကောင်း၊ တတိယအကြိမ် ကုန်စည်ပြပွဲကို ၂၀၂၂ ခုနှစ်တွင် အွန်လိုင်းမှတစ်ဆင့်လည်းကောင်း ယခုစတုတ္ထ အကြိမ်မြောက် ကုန်စည်ပြပွဲကို “ဖွံ့ဖြိုးမှုသစ်များရရှိဖို့ လမ်းကြောင်းသစ်များ တည်ဆောက်စို့” ခေါင်းစဉ်ဖြင့် နေပြည်တော်တွင် မေ ၂၅ မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

စတုတ္ထအကြိမ်မြောက် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် ကုမ္ပဏီ ၆၅ ခုမှ ပြခန်းပေါင်း ၇၉ ခန်း၊ တရုတ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင် ၇၀ မှ ပြခန်းပေါင်း ၄၀ ခန့်က ဒေသထွက်စားသောက်ကုန်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ လက်ဖက်နှင့်ကော်ဖီ၊ လယ်ယာထွက်ကုန်များ၊ ကြိမ်နှင့်ဝါးထွက်ကုန်များ၊ သစ်သားပန်းပုများ၊ ပရိဘောဂများနှင့် ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းစသည်ဖြင့် ကဏ္ဍစုံပါဝင်ပြသလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်