ရန်ကုန် ဩဂုတ် ၁၃
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်တွင်းခရီးသွားများ အဆင်ပြေစေရန်နှင့် ခရီးသွားလာမှု အခက်အခဲမရှိဘဲ အဆင်ပြေလွယ်ကူစေရန် Air KBZ လေကြောင်းလိုင်းက အထူးအစီ အစဉ် ထပ်မံပြုလုပ်ပေးထားကြောင်း သိရသည်။ Air KBZ လေကြောင်း လိုင်းသည် ခရီးသည်များ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးနှင့် ပြည်တွင်း ခရီးသွားကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး ရည်ရွယ်ချက်များ ဖြင့် အထူးအစီအစဉ်များ ဆက်တိုက် ပြုလုပ်ပေးနေခြင်းဖြစ်သည်။
Air KBZ လေကြောင်းလိုင်းသည် ခရီးသည်များအတွက် လက်ရှိပျံသန်း ပြေးဆွဲလျက်ရှိသည့် ရန်ကုန်၊ မန္တလေး၊ ဟဲဟိုး၊ တာချီလိတ်၊ သံတွဲ၊ ကော့သောင်း၊ ညောင်ဦး၊ လားရှိုး၊ နေပြည်တော်၊ ခန္တီးနှင့် ကလေးမြို့ အစရှိသည့် ခရီးစဉ် ၁၁ ခုသို့ အသွား ခရီးစဉ် တစ်ကြောင်းဝယ်ယူပါက ခရီးစဉ်တူ အပြန်လက်မှတ်အား လေဆိပ်အခွန်ခမှအပ ကျန်အဖိုးအခ များပေးဆောင်ရန်မလိုသည့် (ခရီးစဉ် တစ်ကြောင်းစာနှုန်းထားဖြင့် အသွား/အပြန် လက်မှတ်ရရှိနိုင်မည့်) “တစ်ဝက်ပေး အသွား/အပြန်ခရီး” အထူးအစီအစဉ် ပြုလုပ်ခြင်းဖြစ်ပြီး သွားရောက်လိုသည့် ခရီးစဉ်များကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။ ခရီးသည်များသည် ခရီး သွားမည့်ရက်အပြောင်းအလဲပြုလုပ်ခြင်းနှင့် ခရီးစဉ်အချိန်ပြောင်းလဲခြင်း (တစ်ကြိမ်) တို့ကို ခရီးသွားမည့် ရက်မတိုင်မီ သုံးရက် ကြိုတင်၍ အကြောင်းကြားခြင်းဖြင့် အခမဲ့ပြုလုပ် နိုင်မည်ဖြစ်သည်။
“တစ်ဝက်ပေး အသွား/အပြန် ခရီး” အထူးလက်မှတ်များကို ဩဂုတ် ၁၄ ရက်မှ ၂၀ ရက်အထိ ဝယ်ယူရရှိ နိုင်ပြီဖြစ်ပြီး ခရီးသွားလာနိုင်မည့် ကာလမှာ ဩဂုတ် ၁၄ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ဖြစ်ကာ အထူးလက်မှတ် ဈေးနှုန်းများ ဖြစ်သောကြောင့် ထိုင်ခုံနေရာ အကန့် အသတ်များနှင့်အတူ Terms and Conditions သတ်မှတ်ချက်များ ရှိသည်။
ခရီးသည်များအနေဖြင့် အဆိုပါ လက်မှတ်များကို Air KBZ ၏ Website – www.airkbz.com ၊ Mobile App ၊ K7Chatbot ၊ နယ်ရုံးခွဲများနှင့် လက်မှတ် အရောင်းကောင်တာများ တွင် တိုက်ရိုက်ဝယ်ယူရရှိနိုင်မည် ဖြစ်သလို Air KBZ ၏ လက်မှတ် အရောင်းကိုယ်စားလှယ်များထံတွင် လည်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Air KBZ လေကြောင်းလိုင်းသည် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၁၇ မြို့သို့ ATR72-600 လေယာဉ် ရှစ်စင်းဖြင့် ပျံသန်းပြေးဆွဲလျက်ရှိပြီး လက်ရှိ ခရီးစဉ် အချိန်ဇယားများအရ တစ်ပတ်လျှင် လေကြောင်းခရီးစဉ် ပေါင်း ၂၁၀ ခန့်ပြေးဆွဲလျက်ရှိသည်။ Air KBZ လေကြောင်းလိုင်းသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလတွင် ပြည်တွင်းခရီးသွားများ အဆင်ပြေစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ် များတွင်လည်း ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ဖိုးသော်ဇင်