Skip to main content

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ် (၂/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မေ ၂၄

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းအမှတ်စဉ်(၂/၂၀၂၃) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနသည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားတိုးတက်လာစေရေးအတွက် နိုင်ငံတော်မှချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၁၂ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေးဦးတည်ချက် ၄ ရပ် အနက်မှ ဒုတိယအချက်ဖြစ်သော ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာရေးမှ တစ်မျိုးသားလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနတွင်းရှိ ဝန်ထမ်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ကုမ္ပဏီဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များအောက်ရှိ ပညာရပ်ဆိုင်ရာကိစ္စရပ်များကို ထိထိရောက်ရောက် မှန်မှန်ကန်ကန်လုပ်ဆောင်နိုင်စေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများ စွမ်းဆောင်ရည်(Capacity) တိုးတက်စေရေး၊ လုပ်ဆောင်နိုင်စွမ်းရည်(Capability)တို့အတွက် လေ့ကျင့်၊ လေ့လာခြင်းဖြင့် သိရှိနားလည်တတ်ကျွမ်းရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိလေးမျိုးဖြင့် နိုင်ငံ့အကျိုးကိုကောင်းမွန်စွာ သယ်ပိုးနိုင်သော နိုင်ငံ့ဝန်ထမ်းများဖြစ်ရန် ကြိုးစားထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် သင်တန်းသားများနှင့် Group Presentation အကောင်း ဆုံးရရှိသည့် သင်တန်းသားများကို ဆုများချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီးက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည့် သင်တန်းသားများကို ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက သင်တန်းမှရရှိသည့် အကျိုးကျေးဇူးများနှင့် သင်တန်း ဖွင့်လှစ်ပို့ချပေးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အဆိုပါ သင်တန်းတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် စီမံခန့်ခွဲမှုသဘောတရားများ (Management)၊ ကောင်းမွန်သောစီမံအုပ်ချုပ်မှု (Good Governance)၊ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (Myanmar Companies Law)၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ၂၀၁၆ (Myanmar Investment Law) နှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ အပြည်ပြည်ဆိုင်ရာဥပဒေရေးရာ၊ သံတမန်ရေးရာအခွင့်အရေးနှင့် ကင်းလွတ်ခွင့်များ၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ စာရင်းစစ်ဆေးခြင်းနှင့် အစစ်ဆေးခံရန်ပြင်ဆင်ခြင်းများ စသည်တို့ကို သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသို့ အရာထမ်း၊ အမှုထမ်း ၃၅ ဦး က လူကိုယ်တိုင် နှင့် Online မှတစ်ဆင့် ၃၁ ဦး၊ စုစုပေါင်း ၆၆ ဦး တက်ရောက်ခဲ့ကြသည်။

ဝန်ကြီးဌာနတွင်း ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ် (၃/၂၀၂၃)ကို ဇွန်လတွင် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်