စစ်တွေ မေ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့အတွင်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများအား ပူးပေါင်းအဖွဲ့များဖြင့် ရှင်းလင်းဖယ်ရှားနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဦးစွာ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် စစ်တွေမြို့ ပြည်တော်သာရပ်ကွက် သတ္တဌာန လမ်းဘေးဝဲယာရှိ သစ်ပင်ကြီးများ ပြိုလဲပိတ်ဆို့နေမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းရှင်းလင်းဖယ်ရှားနေမှုကို ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။
နေ့စဉ်ဆောင်ရွက်
မုန်တိုင်းအဓိကဖြတ်သန်းဝင်ရောက်ပြီး ပျက်စီးမှုများပြားခဲ့သည့် စစ်တွေမြို့တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း ၃၃၀၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင် ၁၀၁၁ ဦး၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင် ၃၇၈ ဦး၊ တပ်မတော်ကြည်းနှင့် ရေတို့မှ စစ်သည် ၄၆၉ ဦး စုစုပေါင်းအင်အား ၂၁၈၈ ဦးဖြင့် အပျက်အစီးများ ရှင်းလင်းရေးလုပ်ငန်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် စစ်တွေမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိပြီး ပင်မကျောင်းဆောင်နှင့် ဆက်စပ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် စစ်တွေမြို့ ဦးဥတ္တမခန်းမ ထိခိုက်ပျက်စီးမှုနှင့် ပန်းခြံအတွင်း သစ်ပင်ကြီးများ ပြိုလဲနေမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းရှင်းလင်းနေမှုကို ကြည့်ရှုကာ လိုအပ်သည်များမှာကြားပြီး စစ်တွေမြို့ပတ်လမ်းတစ်လျှောက် မုန်တိုင်းဒဏ်ကြောင့် လဲပြိုကျနေသော သစ်ပင်များနှင့် အပျက်အစီးများ ရှင်းလင်းဖယ်ရှားနေမှု၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လျှပ်စစ်မီးတိုင်များနှင့် မီးကြိုးများ ပြန်လည် ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ် (စစ်တွေ)သို့ရောက်ရှိပြီး ပင်မသုံးထပ်ဆောင်နှင့် ဆက်စပ် အဆောက်အအုံများ ပျက်စီးမှုအခြေအနေကို လှည့်လည်ကြည့်ရှုကာ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နှုတ်ဆက်အားပေး စကား ပြောကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ (စစ်တွေ)သို့ ရောက်ရှိပြီး အဆောက်အအုံများ ပျက်စီးမှုအခြေအနေနှင့် အပျက်အစီးများ ရှင်းလင်းနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ အမြန်ဆုံး စတင်ဆောင်ရွက်သွားရန်၊ အဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သဘာဝဘေးဒဏ်ခံနိုင်ရေးအတွက်ပါ ထည့်သွင်းတွက်ချက် ဆောင်ရွက်သွားရန်၊ စာပေသင်ကြားရေးလုပ်ငန်းများ သတ်မှတ်ချိန်တွင် ပုံမှန်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရခိုင်ဌာနခွဲရုံး သင်္ဘောကျင်းနှင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန စစ်တွေသင်္ဘောကျင်းတို့သို့ သွားရောက်ပြီး ရုံးအဆောက်အအုံများ၊ သင်္ဘောကျင်းနှင့် အလုပ်ရုံများ၊ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော အဆောက်အအုံများ မိုးမကျမီ အမိုးအကာများ ပြုပြင်ခြင်းကို အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ သင်္ဘောကျင်း၌ ပျက်စီးသွားသည့် မြေထိန်းနံရံများ စနစ်တကျ ပြန်လည်ပြုပြင်တည်ဆောက်သွားရေး၊ ဌာနပိုင်သင်္ဘောများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပြင်ဆင်ဆောင်ရွက်ထားရေးတို့နှင့် စပ်လျဉ်း၍ တာဝန်ရှိသူများကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘိုးဘွား ရိပ်သာသို့သွားရောက်၍ မုန်တိုင်းဒဏ်ကြောင့် ဘိုးဘွားအိပ်ဆောင်များ၊ ထမင်းစားဆောင်၊ ဓမ္မာရုံနှင့် ဆေးခန်းပျက်စီးမှုအခြေအနေများကို မေးမြန်းကြည့်ရှုပြီး ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာအသင်းဥက္ကဋ္ဌ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် သွပ်ပြားနှင့်သစ်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ပေးအပ်လှူဒါန်း
ယင်းနောက် အဘိုးအဘွားများအတွက် ဆန်၊ ဆီနှင့် အလှူငွေကျပ် သိန်း ၄၀ ကို ဘိုးဘွားရိပ်သာ အသင်းဥက္ကဋ္ဌထံ ထောက်ပံ့ပေးအပ်ပြီး ဆေးဝါးနှင့် စားသောက်ဖွယ်ရာများကို အဘိုးအဘွား များအား တစ်ဦးချင်းလက်ရောက် ပေးအပ်လှူဒါန်းသည်။
အစည်းအဝေးတက်ရောက်
ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ကော်မတီအလိုက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ နှင့် စပ်လျဉ်း၍ နောက်ဆုံးအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နှင့် ဒုတိယဝန်ကြီးများက လိုအပ်ချက်များကို အကြံပြုဖြည့်စွက်ဆွေးနွေးကြသည်။
တင်ပြချက်များအပေါ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဒေသအတွင်းရှိ စက်၊ ယာဉ်ယန္တရားများ ကို လိုအပ်သည့်နေရာများတွင် အပြည့်အဝထိရောက် အကျိုးရှိစွာ အသုံးချနိုင်ရေး စီမံဆောင်ရွက်သွားရန်၊ စားရေရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ ဆောလျင်စွာ ရောက်ရှိစေရေးနှင့် ဒေသခံပြည်သူလက်ဝယ်သို့ အမြန်ဆုံး ဖြန့်ခွဲရောက်ရှိစေရေး စီမံ ဆောင်ရွက်သွားရန်၊ လုပ်ငန်းကော်မတီအလိုက်ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို လျင်လျင်မြန်မြန် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မုန်တိုင်းအလွန်ကာလ ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပေါက်တောမြို့နယ်တွင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ နှစ်ဖွဲ့၊ ရသေ့တောင်မြို့နယ်တွင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ နှစ်ဖွဲ့၊ ကျောက်တော်မြို့နယ်တွင် အထူးကုဆေးအဖွဲ့တစ်ဖွဲ့၊ မင်းပြားမြို့နယ်တွင် အရေးပေါ်တုံ့ပြန်ရေး အဖွဲ့တစ်ဖွဲ့နှင့် အထူးကုဆေးအဖွဲ့တစ်ဖွဲ့၊ မောင်တောမြို့နယ်တွင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တစ်ဖွဲ့၊ ဘူးသီးတောင်မြို့နယ်တွင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ တစ်ဖွဲ့နှင့် မြေပုံမြို့နယ်တွင် အရေး ပေါ်တုံ့ပြန်ရေးအဖွဲ့ တစ်ဖွဲ့စေလွှတ်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေကန်များ၌ ရေသန့်ဆေးခတ်ခြင်း၊ ကူးစက်ရောဂါမဖြစ်ပွားစေရေးအတွက် ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခြင်း၊ ပြည်သူလူထု ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွား စေရေးအတွက် ရေတွင်းရေကန်များအား ကလိုရင်းဆေးခတ်ပေးခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
သက်သာသောဈေးနှုန်း ရောင်းချပေး
ထို့ပြင် သဘာဝဘေးဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရန်နှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာ စွာဖြင့် ဝယ်ယူစားသောက်နိုင်ရန် နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာများက စစ်တွေ မြို့ ဦးဥတ္တမပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီး ဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲ ခြောက်၊ ဘီစကွတ်နှင့် စည်သွပ်ဘူးများကို ပြင်ပ ပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်