နေပြည်တော် မေ ၂၀
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ” (MOCHA) ဝင်ရောက်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ် ကြသည့်ဦးဝင်းရှိန်၊ ဦးခင်မောင်ရီ၊ ဦးမင်းနောင်နှင့် ဦးမျိုးသန့်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြ ဦးစွာညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် ဒေသများတွင်လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေး ယာဉ်တန်းအဖွဲ့များက နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက်ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊သွားလာ ရန်ခက်ခဲသည့်ဒေသများသို့ ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် ခက်ခက်ခဲခဲ ချီတက်ခဲ့ရမှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ဘင်္ဂလားပင်လယ်အော်အတွင်း၌ ဖြစ်ပေါ်လျက်ရှိသည့် မုတ်သုံ (Monsoon) သည် မေလအတွင်းရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအလယ်ပိုင်းတို့သို့ ဆက်လက်ဝင်ရောက်လာနိုင်မည့်အခြေအနေများ၊ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့်စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ပို့ဆောင်သွားမည့် အခြေအနေများ၊ သဘာဝဘေးဒဏ်သင့်ဒေသများ၌ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့များက နယ်မြေခံကျန်းမာရေး ဝန်ထမ်းများနှင့်ပူးပေါင်း၍ နေ့စဉ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိမှု၊ ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းရရှိသည့်အဝတ်အထည်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့်အခြားသဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများသို့ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကိုကြိုတင်ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိမှု၊ စက်မှုလယ်ယာအဖွဲ့များ၊ တိရစ္ဆာန်ဆေးကုအဖွဲ့များကိုလည်း စေလွှတ်ပေးလျက်ရှိမှု၊ သဘာဝဘေးဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်လျက်ရှိသည့် သစ်ခွဲသားများကိုစစ်တွေမြို့သို့ ဦးစွာပို့ဆောင်ပေးလျက်ရှိမှု၊ စာသင်ကျောင်း၊ ဆေးရုံများ၊ တက္ကသိုလ်တို့၌ ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများလိုအပ်မှု၊ တည်ဆောက်ရေးပစ္စည်းများ မရောက်ရှိမီ ကြိုတင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ တင်ပြကြသည်။
ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရမည်
တင်ပြမှုများအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သဘာဝဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများအနက် ရခိုင်ပြည်နယ်စစ်တွေမြို့နှင့် ရသေ့တောင်မြို့တို့သည် ပျက်စီးမှုအများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ လူထိခိုက်မှုများလည်းရှိကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဖွဲ့လိုက်ပြန့်ကျဲနေခြင်းမျိုးမဖြစ်စေရန်နှင့် အမှန်တကယ်လိုအပ်သည့်နေရာများမကျန်ရှိစေရန် နေ့စဉ်ဆွေးနွေးပွဲပြုလုပ်၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်မှုများကိုလည်း စနစ်တကျဖြင့် မှတ်ပုံတင်ကာဆောင်ရွက်ရန်လိုကြောင်း၊ အဓိကလိုအပ်သည်မှာ သဘာဝဘေးဒဏ်ခံခဲ့ရသည့်ဒေသများ၌ စားရေရိက္ခာများ ပြတ်လပ်မှုမရှိစေရေးနှင့် ဆက်သွယ်မှုပြတ်တောက်မှုမရှိအောင် ကနဦးဦးစားပေးဆောင်ရွက်ပေးရန်လိုကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ယခင်အတိုင်း ဖြစ်စေရေးအတွက်လည်း လမ်းကြောင်းများ၌ ပိတ်ဆို့လျက်ရှိသည့် သစ်ပင်၊ သစ်ကိုင်းများကိုစနစ်တကျ ဖယ်ရှားရှင်းလင်းရန်နှင့် ရှင်းလင်းရာမှရရှိလာသည့် သစ်ပင်ကြီးများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်သွားရန်လိုကြောင်း။
အရိပ်ရလေကာပင်များသည် မိမိတို့၏ ပတ်ဝန်းကျင်နှင့်လိုအပ်သည်ဖြစ်သော်လည်း လူနေအိမ်များအနီးနှင့် ဓာတ်တိုင်၊ ဓာတ်ကြိုးများနှင့် လွတ်ကင်းမှုမရှိသည့် သက်တမ်းရင့် သစ်ပင်ကြီးများကိုမူ ဘေးအန္တရာယ်မရှိစေရေး ကြိုတင်ရှင်းလင်းထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အုန်းပင်များနှင့်လမုပင်များသည် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သည့်အတွက် ကမ်းစပ်တစ်လျှောက်နှင့် ကမ်းရိုးတန်းဒေသများအတွင်း ဖြစ်နိုင်သမျှ အရေအတွက်များများစိုက်ပျိုးထားရှိရန် ယခင်ကတည်းကတိုက်တွန်း မှာကြားခဲ့ပြီးဖြစ်ပြီး ယခုလည်း ထပ်မံမှာကြားလိုကြောင်း၊ သဘာဝဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ သစ်ပင်ကြီးမျိုးများပြန်လည်စိုက်ပျိုးနိုင်ရေးနှစ်နှစ်နှင့်အထက်၊ နှစ်ပေအထက်အပင်များကို အရေအတွက်အများအပြား ပို့ဆောင်ပေးရန်လိုကြောင်း၊ အုန်းပင်နှင့်လမုပင်များကိုလည်း မြို့ပတ်လည်နှင့်လေကြောင်းသင့်သည် နေရာများတွင်အဓိကထား စိုက်ပျိုးသွားရန်လိုကြောင်း။
သဘာဝဘေးဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများကိုပြည်တွင်း၊ ပြည်ပမှထောက်ပံ့ပေးအပ်လျက်ရှိပြီး မကြာမီတွင် ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက်လေဆိပ်များတွင် Conveyor များထားရှိဆောင်ရွက်သွားရန်လိုကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည့် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့် အထူးဆေးကုသရေးအဖွဲ့များအနေဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကိုအပြည့်အဝဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ လိုအပ်သည့်ဆေးဝါးပစ္စည်းများကိုလည်း ဖြည့်တင်းဆောင်ရွက်ပေးသွားရန်လိုကြောင်း။
ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို မိုးမကျမီအတွင်း လူအင်အား၊ စက်ယန္တရားအင်အားသုံး၍ လုပ်ငန်းတွင်ကျယ်မှုရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆောက်လုပ်ရေးသုံး သစ်ခွဲသားများကို ပို့ဆောင်ပေးလျက်ရှိသကဲ့သို့ ဒေသတွင်း၌လိုအပ်သည့် သစ်ခွဲသားများထုတ်လုပ် နိုင်ရန်လည်းလိုကြောင်း၊ သဘာဝဘေးအန္တရာယ်ခိုလှုံရာ Shelter များကိုလည်း ထပ်မံဆောက်လုပ်ပေးရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်မကျရောက်မီ Shelter များ ဆောက်လုပ်ပြီးရွှေ့ပြောင်းပေးခဲ့ခြင်းကြောင့်လည်း ယခုကဲ့သို့သေဆုံးမှုရာခိုင်နှုန်း နည်းပါးခဲ့ရခြင်းဖြစ်ကြောင်း၊ ထပ်မံဆောက်လုပ်ရာတွင်ခိုလှုံရေး၊ ပညာသင်ကြားရေးစသော Multi-purpose အသုံးပြုနိုင်သည့် Shelter များအထိရေရှည်စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များကလည်းလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ သဘာဝဘေးဒဏ်သင့်ဒေသများ၌ ကုန်ဈေးနှုန်းကြီးမြင့်မှုများမဖြစ်ပေါ်စေရေးအတွက်လည်း အသားဘူး၊ ငါးဘူးများကိုပို့ဆောင်ပေးခြင်းနှင့်အသား၊ ငါးများဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်အောင် စီမံဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများ၊ ဘာသာရေးကျောင်းများ၏ စားရေးသောက်ရေး အဆင်ပြေစေရေးအတွက်လည်း တာဝန်ရှိသူများက ကြည့်ရှုဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိ သည်။
သတင်းစဉ်