ပဲခူး သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ သြဂုတ်လ(၁၂) ရက်နေ့၊ မွန်းလွဲ(၂:၃၀) အချိန်က ပဲခူးတိုင်း ဒေသကြီး စက်ရုံ၊အလုပ်ရုံများ တည်ထောင်ကြီးကြပ်ရေးကော်မတီနှင့် Glamoroso Apparel (Myanmar) Co., Ltd တို့ မြေငှားစာချုပ် ချုပ်ဆိုပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု များကို မိမိတို့အစိုးရမှ အမြဲတမ်းကြိုဆို လျက်ရှိပြီး အောင်မြင်မှုများရရှိစေရန် ဥပဒေနှင့်အညီ ကူညီပံ့ပိုးဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ယခုလာရောက် ရင်းနှီး မြှုပ်နှံသည့် Glamoroso Apparel (Myanmar) Co., Ltd သည် အထည်ချုပ်လုပ်ငန်းကို ဆောင်ရွက် မည်ကို သိရှိရ၍ ဒေသတွင်းမြန်မာနိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိ လာနိုင်ခြင်း၊ တိုင်းပြည်အတွက်လည်း အခွန်ဘဏ္ဍာ များ ပိုမိုရရှိလာနိုင်ခြင်းနှင့် အတူ တစ်ဦးချင်းဝင်ငွေလည်း တိုးတက် လာနိုင်မည်ဖြစ်ကြောင်း၊ Glamoroso Apparel (Myanmar) Co., Ltd ၏ လုပ်ငန်းများ အောင်မြင်မှုများ ရရှိနိုင်ပါစေကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး စက်ရုံ၊အလုပ်ရုံများ တည်ထောင်ကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး ဦးခင်မောင်ဆန်း နှင့် Glamoroso Apparel (Myanmar) Co., Ltd, General Manager, Mr. Lau Siu Kin တို့ မြေငှားစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပြီး Mr. Lau Siu Kin မှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ Glamoroso Apparel (Myanmar) Co., Ltd သည် ဟောင်ကောင်အခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်ပြီး ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေ အတွင်းရှိ မြေဧရိယာ(၂၀)ဧကတွင် အထည်ချုပ်စက်ရုံ တည်ဆောက်ပြီးပါက ဒေသခံပြည်သူ (၈၀၀၀)ကျော် အား အလုပ် အကိုင် အခွင့်အလမ်းများ ပေးနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
ဟိန်းထက်(ပဲခူး)